ရန်ကုန်၊ မတ် ၂၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံရသော နွားကျောင်းသားတစ်ဦး နှင့် ညီဖြစ်သူ ကိုယ်စား စစ်မှုထမ်းရသော စစ်မှုထမ်းတပ်သား တစ်ဦးတို့ ခမရ ၅၅၈ တပ်ရင်းမှ ထွက်ပြေးလာပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်းမှ တပ်ရင်းမှူး ရဲဘော်ရန်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ဒေါန တပ်ရင်း ၊ ဗျူဟာ ၃၃ နယ်မြေအတွင်းကို သေနတ် ၂ လက်၊ လက်နက်ခဲယမ်း အပြည့်အစုံနှင့်အတူအလင်းဝင်ရောက်လာကြောင်း၊ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ကိုအာကာတင်လင်းသည် MA-2 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ ကျည် ၁၀၀ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ နင်းမိုင်း ၁ လုံး ၊ vest ၁ ထည် နှင့် စစ်မှုထမ်း တပ်သားသစ် ကိုနေလင်းအောင်သည် MA-1 ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ ကျည် ၉၅ တောင့် ၊ ပို့ကျည် ၅ တောင့် ၊ အီနာဂါ ၃ လုံး ၊ နင်းမိုင်း ၁ လုံး ၊ vest ၁ ထည် တို့ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလင်းဝင်လာတဲ့ တပ်သားသစ် ၂ ဦးက ပြည်က တစ်ဦးနဲ့ မြိတ်က တစ်ဦးပါ။ လောလောဆယ် တစ်ဦးကို ငွေကျပ် ၅ သိန်းစီ ပေးထားပါတယ်။ ဝန်ကြီးဌာနကိုလည်း တင်ပြထားတာဖြစ်တဲ့အတွက် ဂုဏ်ပြုဆုငွေ ထပ်ရပါလိမ့်မယ်။ ကျနော်တို့ဘက်ကလည်း ဝင်ဖို့ကမ်းလှမ်းထားတာရှိပါတယ်၊ အဆင့်ဆင့် ချိတ်ဆက်ဝင်ရောက်လာတာပါ။ မြိတ်က တစ်ယောက်က ခြေထောက်ကျိုးဖူးတဲ့ သူ့ညီ ကိုယ်စား မဲပေါက်လို့ ဝင်ရတာပါ။ ပြည်က တစ်ယောက်ကတော့ နွားကျောင်းနေရင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ။ စစ်မှုထမ်း အပတ်စဉ် ၅ နဲ့ ၆ လို့ သိရတယ်” ဟု ဒေါနစစ်ကြောင်းမှ တပ်ရင်းမှူး ရဲဘော်ရန်နိုင် က ပြောဆိုသည်။
ထိုသို့ အလင်းဝင်ရောက်လာသော တပ်သားသစ် ၂ ဦးသည် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူများဖြစ်ပြီး ပုလောအခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းနှင့် ဝဲကလိအခြေစိုက် အမှတ် ၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း မှ သင်တန်းဆင်း တပ်သားသစ်များဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်များကြောင့် အတင်း အဓမ္မ တပ်သားသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် Telegram @naingyan ၊ Signal @yai.08 ၊ Viber +66659905540 နှင့် Phone 09884896475 တို့ကို ဆက်သွယ်နိုင်ကြောင်း ဒေါနစစ်ကြောင်းမှ တပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



