ရန်ကုန်၊ မတ် ၂၇
ပြည်ပရောက် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ကိုယ်စားမဲနှိုက်ခိုင်းနေပြီး မဲပေါက်သူ ပြည်ပရောက် မြန်မာများအနေဖြင့် မြန်မာ နိုင်ငံသို့ ပြန်လာ စစ်မှုထမ်းစေရေး စည်းရုံးသည့် နည်းလမ်းကို အသုံးပြုမည်ဖြစ်ကာ ပျက်ကွက်သူများကို အမည်ပျက်နှင့် ၀ရမ်းပြေး ကြေညာရန် အဆင့်များစွာ ထားရှိကြောင်း ရန်ကုန်တိုင်း၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု မတ်လအတွင်း မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများတွင် သန်းခေါင်စာရင်းကို အခြေခံ၍ လူငယ်များကို ကိုယ် တိုင်သော် လည်းကောင်း၊ မိဘများက သော်လည်းကောင်း ကိုယ်စား စစ်မှုထမ်းခိုင်းရန် မဲနှိုက်ခိုင်းနေကြောင်း၊ ယင်း သို့ မဲနှိုက်ခိုင်းသည့် လူငယ်များစာရင်းတွင် ပြည်ပရောက် လူငယ်များအားလုံးကိုလည်း ထည့်သွင်းထားကြောင်း၊ ပြည်ပရောက် မြန်မာလူငယ်များ ကိုယ်စား မိဘ(သို့မဟုတ်) ဆွေမျိုးတစ်ဦးဦးက လာရောက် မဲနှိုက်ရမည်ဖြစ်ပြီး အကယ်၍ မလာရောက်ပါက သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်များက ကိုယ်စား မဲနှိုက်ကြမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအားလုံး စစ်မှုထမ်း မဲနှိုက်ရန် အကျုံးဝင်ကြောင်း သိရှိရသည်။
“ငွေကြေး ခြိမ်းခြောက်တောင်းတာတွေ၊ မသမာမှုတွေ အရမ်းဖြစ်လို့ မြို့နယ်လုံးကျွတ်၊ ရပ်ကွက်နဲ့ကျေးရွာလုံးကျွတ် မဲနှိုက်ပြီး မဲပေါက်သူကိုပဲ စစ်မှုထမ်းဆင့်ခေါ်တဲ့စနစ်ကို စသုံးနေပါတယ်။ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မည်သည့်လူငယ်အမျိုးသားမဆို မဲနှိုက်ခိုင်းပါတယ်။ ပြည်ပရောက်လူငယ်တွေအားလုံးလည်း မဲနှိုက်ရမယ့် စာရင်းမှာ ပါဝင်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ လူငယ်တွေဆိုရင် ကိုယ်တိုင် လာနှိုက်ရမယ်၊ မရှိရင်တော့ မိဘ (သို့မဟုတ်) ဆွေမျိုးတစ်ဦးက မဲလာနှိုက်လို့ရတယ်။ အကယ်၍ ဘယ်သူကမှ မဲလာ မနှိုက်ဘူးဆိုရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးက မလာရောက်သူအတွက် ကိုယ်စားမဲနှုက်ပေးမှာ ဖြစ်ပါတယ်။ မဲပေါက်သွားရင်လည်း အိမ်ကို အကြောင်းကြားမှာဖြစ်ပါတယ်” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သန်းခေါင်စာရင်းကို အခြေခံ၍ စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို ပြုစု မဲနှိုက်ခိုင်းခြင်းဖြစ်၍ ပြည်ပရောက် မြန်မာလူငယ်များအားလုံးလည်း မဲနှိုက်ရသည့် စာရင်းတွင် အကျုံးဝင်ကြောင်း၊ ပြည်ပရောက် မြန်မာလူငယ်များနှင့်ပတ်သက်၍ အမိမြန်မာနိုင်ငံသို့ ပြန်လာ စစ်မှုထမ်းစေရေး စည်းရုံးရေး နည်းလမ်းဖြင့် ဆောင်ရွက်ရန် သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ညွှန်ကြားထားကြောင်း သိရှိရသည်။
“ပြည်ပရောက် မြန်မာလူငယ်တွေထဲက စစ်မှုထမ်းဖို့ မဲပေါက်ရင် အဲဒီလူငယ်ကို မိဘသို့မဟုတ် ဆွေမျိုးတွေက အကြောင်းကြားခိုင်းတယ်။ ပြည်ပရောက် လူငယ်တွေအနေနဲ့ ဘယ်တော့လောက် ပြန်လာပြီး စစ်မှုထမ်းဖို့ အဆင် ပြေမလဲ။ သူအဆင်ပြေမယ့် အချိန်တစ်ခုကို စောင့်ဆိုင်းပေးမယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က တော့ အကယ်၍ ပြည်ပရောက်နေတဲ့ လူငယ်က ပြန်လာဖို့ အဆင်မပြေသေးဘူး။ မိသားစု စားဝတ်နေရေးအတွက် သူ့ကိုပဲ မှီခိုနေရရင် မိသားစုထဲမှာဘယ်သူက ပြည်ပရောက် လူငယ်ကိုယ်စား စစ်မှုထမ်းပေးနိုင်မလဲ။ ဒီလိုမျိုးနဲ့လည်း အဆင်ပြေအောင် လုပ်ပေးလို့ရတယ်။ နောက်ဆုံးကတော့ ပြည်ပရောက် လူငယ်ကလည်း ပြန်မလာနိုင်ဘူး၊ မိသားစုထဲမှာလည်း ကိုယ်စား စစ်မှုထမ်းပေးမယ့်သူမရှိဘူးဆိုရင် နီးစပ်ရာ ဆွေမျိုး မိတ်ဆွေ သူငယ် ချင်းတွေထဲက ကိုယ်စားစစ်မှုထမ်းပေးမယ့်သူရှိသလား။ ရှာပေးရင်လည်း အစားထိုး စစ်မှုထမ်းလို့ရအောင် စီစဉ်ပေးမယ်။ ကျနော်တို့ကိုတော့ စည်းရုံးရေး နည်းလမ်းနဲ့ပဲ သွားဖို့ ညွှန်ကြားချက်ပေးပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ပြည်ပရောက် မြန်မာလူငယ်များ စစ်မှုထမ်းစေရေးအတွက် စည်းရုံးရေးနည်းလမ်းဖြင့် အပြုသဘော ဆောင်ရွက်မည်ဖြစ်သော်လည်း ကိုယ်စားစစ်မှုထမ်း ရှာဖွေမပေးနိုင်လျှင် သက်ဆိုင်ရာ မိဘနှင့် ဆွေမျိုးများအပေါ် ဖိအားများ ရှိမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းသော ပြည်ပရောက် လူငယ်များ၏ မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်းဥပဒေ အရ အရေးယူနိုင်ကြောင်း၊ ထို့ပြင် စစ်မှုထမ်းရန် ပျက်ကွက်သော ပြည်ပရောက် မြန်မာလူငယ်ကိုလည်း အမည်ပျက်စာရင်းသွင်းခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တရားစွဲ၍ ၀ရမ်းပြေးစာရင်း သွင်းခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပိတ်ပင်ခြင်း အပါအဝင် အရေးယူမှုများစွာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ယခု မတ်လဆန်းပိုင်းမှစတင်၍ နိုင်ငံတစ်ဝန်းတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် အစုလိုက်အပြုံလိုက် မဲနှိုက်ပွဲများကို ဆက်တိုက် ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – မန္တလေးတွင် ယခု မတ်လအတွင်း စစ်မှုထမ်း မဲနှိုက်နေသည့် လူငယ်တစ်ဦး၏ မိဘတစ်ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
