ရန်ကုန်၊ မတ် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်(ခေါ်) အုတ်ဖိုရပ်ကွက်ရှိ အိမ်ခြေ ၅၀၀ နီးပါးကို ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် စစ်တပ်နှင့်စည်ပင်က ပြည်သူများကို ခြိမ်းခြောက် ဖိအားပေးလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂၆ ရက်နေ့ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်(ခေါ်) အုတ်ဖိုရပ်ကွက်အတွင်းရှိ နေအိမ် ၅၀၀ နီးပါးသို့ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက နေအိမ်များ အပြီး ဖျက်သိမ်းရမည့်စာများ လိုက်လံဝေငှကြောင်း၊ အဆိုပါ မြေများသည် ယခင် မော်လမြိုင်စည်ပင်အုပ်ချုပ်ရေးအဖွဲ့၏ အုပ်ချုပ်ရေးမှူးက လ/န (၃၉) ခွင့်ပြုမိန့်ရရှိထားပြီး မြေများဖြစ်သော်လည်း အဆောက်အအုံများကို ခွင့်ပြုမိန့် မရှိဘဲ ဆောက်လုပ်ထားကြောင်း၊ စုစုပေါင်း မြေဧရိယာ ၁၁ ဒသမ ၂၃၉ ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အအုံများအားလုံး လာမည့် ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
“လှိုင်ရပ်ကွက် ဖျက်မယ့်နေရာက (အုတ်ဖိုရပ်ကွက်)လို့လည်းခေါ်တယ်။ အိမ်ခြေ ၅၀၀ နီးပါးရှိပါတယ်။ လူဦးရေ နဲ့ မိသားစု ထောင်ချီ နီးပါးရှိတယ်။ အကုန်လုံးက အခြေခံလူတန်းစားတွေချည်းပါပဲ။ လွန်ခဲ့တဲ့ ၈ နှစ်က စစ်တပ်နဲ့ စည်ပင်က အကွက်ရိုက်ရောင်းလို့ ပြည်သူတွေက ဝယ်ခဲ့ကြတာ။ ပထမအကြိမ် ဖျက်ဖို့ စာပို့တယ်။ အခုတစ်ခါ ဒုတိယအကြိမ် ဖျက်ဖို့ စာပို့ပြန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ မြေကွက်များမှာ ယခင်စစ်တပ်နှင့်စည်ပင်က ရောင်းချခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ခွင့်ပါ ချထားပေးခဲ့ကြောင်း၊ သို့ရာတွင် ယခုအခါမှ တစ်ဖန် တရားမဝင်ဟုဆိုကာ ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ်က လှိုင်ရပ်ကွက်နှင့် သာယာအးရပ်ကွက်အတွင်းရှိ နေအိမ်များ ၊ ဘုန်းကြီးကျောင်းများနှင့် ခြံစည်းရိုးများကို ဘက်ဟိုးများဖြင့် အင်အားသုံးဖြိုဖျက်ခဲ့ကြောင်း၊ ယင်းသို့ ပြည်သူ့နေအိမ်များ ဖျက်သိမ်းအမိန့်ကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက နေအိမ်များ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းကြောင်း သိရှိရသည်။
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ သိမ်းယူထားသော မြေများကို အကွက်ရိုက်၍ ပြန်လည် ရောင်းချနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက သာယာအေးရပ်ကွက်ရှိ နေအိမ်များနှင့် လယ်ယာမြေများကို ကျူးကျော်ဟုဆိုကာ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်နေအိမ်များကို ဘက်ဟိုးများဖြင့် အင်အားသုံးဖြိုဖျက်ခဲ့ပြီး ပြည်သူပိုင် လယ်ယာမြေနေရာများကိုလည်း သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလအတွင်း မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်အတွင်း ဖြိုဖျက်ခဲ့သော နေအိမ်များနှင့်ခြံများကို မတ်လအတွင်းတွင် အကြမ်းဖက် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်း နှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၊ ပြည်နယ်စည်ပင်ဌာန နှင့် ခရိုနီသူဌေး ငွေမိုးမိုးကျော် အပါအဝင် လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းကာ စည်ပင်ပိုင်မြေဟု ပြောဆိုပြီး ပေ ၄၀ x ၆၀ တစ်ကွက်လျှင် ငွေကျပ် သိန်း ၁၄၀၀ ဖြင့် ပြန်လည် ရောင်းချခဲ့ကြကြောင်း သိရှိရသည်။
စစ်ကောင်စီက ဖျက်သိမ်း ရယူနေသော မြေနေရာများမှာ အစိုးရခေတ်အဆက်ဆက် နည်းမျိုးစုံဖြင့် သိမ်းယူရန် ကြိုးစားခဲ့သော်လည်း လယ်သမားများက ပိုင်ဆိုင်မှုအထောက်အထားများဖြင့် တင်ပြတောင်းဆိုခဲ့၍ သိမ်းယူခံရခြင်းမရှိဘဲ ရပ်ဆိုင်းသွားခဲ့ သည့်မြေနေရာများဖြစ်ကြောင်း၊ ယခု စစ်အာဏာသိမ်းချိန်တွင် စစ်တပ်က မတရား သိမ်းယူမှုများ လုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ပြည်သူပိုင်နေအိမ် ၅၀၀ ကို ဖျက်သိမ်းရန် အမိန့်စာနှင့် ဇန်နဝါရီလအတွင်း နေအိမ်များကို အတင်းအကျပ် ဖြိုချနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



