မိတ္ထီလာမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၆ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၆ ဦးရှိဟု ဒေသခံများ ပြောဆို
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၆ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၆ ဦးရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် မိတ္ထီလာမြို့တွင်လည်း အဆောက်အဦးနှင့် စေတီများ ပြိုကျမှုရှိပြီး လူထိခိုက်မှုများ နှင့် သေဆုံးမှုများ ရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် မိတ္ထီလာဆေးရုံကြီးသို့ ငလျင်ဒဏ်ကြောင့် အရေးပေါ်လူနာ ၁၆၆ ဦး ရောက်ရှိနေပြီး သေဆုံးလူနာ ၂၆ ဦး ထိရှိပြီဖြစ်ကြောင်း သိရှိရသည်။
“ပျက်စီးမှုက နေအိမ်တွေ ပြိုကျတာတွေ ဘုရားစေတီ ထီးတော်မြေခတာတွေရှိပါတယ်။ ကန်ဘောင်မြေသားကျွံသွားတာတွေရောဆိုတော့ ကယ်ဆယ်ရေးအတွက် လမ်းကြပ်တာတွေဖြစ်တဲ့အပြင် အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းချိန်ဖြစ်သွားတဲ့အတွက် ထိခိုက်မှုက များပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


