26 C
Yangon

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် စစ်တပ်က ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ မင်းတပ်၊ ယင်းမာပင်နှင့် ကျင်ဒွေးမြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး စေတီ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထီလင်းမြို့နယ်၊ ဆောမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ နယ်၊ ကျင်ဒွေးမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တို့ကို စစ်တပ်က လေကြောင်းဖြင့် ယနေ့ ကဆုန်လပြည့်နေ့တွင် တောက်လျှောက်ဗုံးကျဲနေကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီလ ၃၀ ရက် (ကဆုန်လပြည့် ဗုဒ္ဓနေ့) နံနက် ၁၀ နာရီခန့်အချိန် ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ ဝန်ချီကျေးရွာအနီးကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ခံ မိတ္ထီလာရှမ်းတဲ လေး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိသေးကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်တွင် ထီးလင်းမြို့နယ် တောင်ပိုင်းတစ်နေရာကိုလည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု နောက်ဆက်တွဲအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

ထို့အပြင် မွန်းတည့် ၁၂ နာရီမှ ၁၃ နာရီ ၃၀ မိနစ်ကြားတွင် ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကံကြီး ကျေးရွာအနီးတကြိမ် ကြံတောကျေးရွာအနီးတစ်ကြိမ်၊ မင်းတပ်မြို့နယ်အတွင်း ၂ နေရာကို မကွေး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ တံ တားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး စုစုပေါင်း လေယာဉ် ၄ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကျင်ဒွေးမြို့ကိုလည်း ဂျက်ဖိုက်တာပေါ်မှ ပွိုင့် ၈ လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရ သည်။

“ဂန့်ဂေါက မင်းရွာအနောက်မြောက်ဘက်နားကို ဝန်ချီပါကျေးရွာနားကို ကျဲသွားတာ။ ထိခိုက်မှု မရှိ ဘူး။ ထီးလင်းတောင်ပိုင်းက ၃ ကြိမ် ဗုံး ၈ လုံး မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ပတ်ပတ်ပြီး ကျဲသွားတာပါ။ ထိခိုက်ပျက်စီးမှုကတော့ မသိရသေးဘူး။ မင်းတပ်နယ်ကို ၂ စီးနဲ့ မင်းတပ်မြို့အရှေ့ဘက် ကျောက်ထုမြို့နဲ့ကြားနေရာ ၂ စီးကျဲသွားတာ၊ အဲဒါက ၁၂ နာရီ ၁၂ နာရီခွဲ ကြားမှာ ကျဲသွားတာ၊ နောက်ဆက်တွဲ ထိခိုက်မှု မသိရဘူး။ ပြီးတော့ ကျောက်ထုဒေသ ကံကြီးရွာနဲ့ ကြံတောရွာအနီးတဝိုက်ကို ကျဲသွားတယ်။ လူထိခိုက်မှုတော့ လောလောဆယ်အတည်ပြုလို့ မရသေး ဘူး။ အဲဒါကမင်းတပ်နဲ့ ကျောက်ထု မကွေးလေတပ်က ၂ စီးနဲ့ တံတားဦးလေတပ်က ၂ စီး တက်လာ ပြီးတော့ လှည့်ပတ်ကျဲသွားတာပါ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၄၄ မိနစ်အထိ ကျောက်ထုမြို့ အမြောက်တပ် အမှတ် ၃၆၈ တပ်ရင်းအတွင်းသို့ မကွေးလေတပ်မှ တက်လာသည့် Y12 လေယာဉ်တစ်စီးဖြင့် ရိက္ခာထုပ် ၃ ထုပ်ချပေးခဲ့ကြောင်း၊ ထိုသို့ ရိက္ခထုပ်များချပေးနေစဉ် မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက် တာ ၁ စီးဖြင့် ၁၀ ကြိမ်ထက်မနည်း လှည့်ပတ်ပျံသန်းကာ ကင်းယူပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ထုအမြောက်တပ်အတွင်းသို့ ယမန်နေ့ ဧပြီလ ၂၉ ရက် နံနက် ၉ နာရီခန့်ကလည်း Y12 ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းထုပ်များချပေးခဲ့ကြောင်း၊ ထို့သို့ ခဲယမ်းထုပ်များ ချနေ စဉ် ဂျက်ဖိုက်တာတစ်စီးဖြင့် ကင်းပတ်ပျံသန်းခဲ့ကြောင်း သိရသည်။

“ကျောက်ထုအမြောက်တပ် ၃၆၈ နေ့လည် ၁ နာရီမှာ Y12 နဲ့ ရိက္ခာထုပ် ၃ ထုပ်ထပ်ချပေးတယ်။ ရိက္ခာပါမပါတော့ မသိရဘူး။ မကွေးလေ တပ်ကတက်၊ နေ့လည် ၂ နာရီအထိ ၁၀ ကြိမ်ထက်မနည်း ပတ်ပြန်ပြီးတော့ ချ။ အဲဒီအချိန်မှာ မကွေး လေတပ်ကနေ တက်ဂျက်ဖိုက်တာတစ်စီးနဲ့ ကင်းပတ်ပေး တယ်။ မနေ့ကလည်း ခဲယမ်းထုပ်တွေ ချည်းပဲ Y12 နဲ့ချပေးသွားတာ၊ ရိက္ခာကို မပါဘူး။ လက်နက် ကြီးကျည်တွေ၊ ခဲယမ်းထုပ်တစ်ထုပ်ကို လေထီး ၃ ခုနဲ့ချရတာ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ ရှင်းပြသည်။

ယခုအခါ စစ်တပ်က ယောဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်းဘက်သို့ လေကြောင်းမှ နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများခိုင်မာစွာတူးထားပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ အချိန်မီ တိမ်းရှောင်နိုင်ခြင်းကြောင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ခွေးတွေက စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်သွားတာ သံဃာတော်တွေနဲ့ စစ်ရှောင် ပြည်သူတွေက အချိန်မီ တိမ်းရှောင်နိုင်ခဲ့တဲ့အတွက် ထိခိုက်သူမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article