ရန်ကုန်၊ ဧပြီ ၃၀
ထိုင်း-မြန်မာနယ်စပ်၊ မြန်ဘက်အခြမ်းတွင် တိုက်ပွဲများ အရှိန်မြင့်တက်နေ၍ ထိုင်းလေတပ်မှ F-16 တိုက် လေယာဉ်များ ကင်းလှည့်နေရကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်တက်လာပြီးနောက်၊ ထိုင်းဘုရင့်လေတပ်က ဧပြီလ ၂၉ ရက်နေ့တွင် F-16 တိုက်လေယာဉ် ၂ စင်းကို အသုံးပြု၍ တခ်ခရိုင်၊ ဖုတ်ပရ (Phop Phra) ခရိုင် ကောင်းကင်ယံတွင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ရသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် KNU နှင့် ပူးပေါင်းတပ်ဖွဲ့များက မြဝတီမြို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းနှင့်အတူ မြေပြင်စစ်ကြောင်းများဖြင့်ပါ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
စစ်တပ်ကလည်း မြန်မာလေတပ်၏ လေကြောင်းပစ်ကူများကို အသုံးပြု၍ ကရင်တော်လှန်ရေးတပ်ဖွဲ့များရှိရာ နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နယ်စပ်တစ်လျှောက် ပေါက်ကွဲသံများ အပြင်းအထန် ကြားခဲ့ရသည်။
နယ်စပ်တစ်လျှောက် စစ်ရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ထိုင်းအာဏာပိုင်များက ၎င်းတို့၏ ဝေဟင်ပိုင်နက် လုံခြုံရေးအတွက် F-16 တိုက်လေယာဉ်များကို အရေးပေါ်စေလွှတ်ကာ ကင်းလှည့်စေခဲ့ခြင်းဖြစ်သည်။
“အခု တိုက်ပွဲ ပြင်းထန်နေတာက ဝေါ်လေဗျူဟာစခန်းကုန်းကို KNU နဲ့ တော်လှန်ရေးတပ်တွေက ၀ိုင်းတိုက်နေတာ။ စစ်တပ်က အထိနာနေတော့ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတာပါ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာမှုများသည် ဧပြီလ ၂၀ ရက်နေ့က မယ်ဟောင်ဆောင်နယ်စပ်အနီး KNU ဆေးရုံတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဗုံးတစ်လုံးမှာ ထိုင်းနိုင်ငံဘက်ခြမ်း သံလွင်မြစ်အနီးသို့ ကျရောက်ခဲ့ပြီး ဒေသခံများ ထိတ်လန့်ခဲ့ရသည့် ဖြစ်စဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။




