ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁
မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကောင်စီက မတရားအကျဉ်း ချထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အခြေအနေကို အထူးစိုးရိမ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုလိုက်သည်။
ယနေ့ ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၇/၂၀၂၅ တွင် ၎င်းက အထက် ပါ အတိုင်းပြောဆိုခြင်းဖြစ်သည်။
“ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင်ထဲက အဆောက်အဦအချို့ ပြိုကျပျက်စီးတယ်လို့လည်း သိရပါတယ်။ ဒီလိုအခြေအနေမှာ မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ အခြေအနေကို ကျွန်တော်တို့ အထူးစိုးရိမ်ကြောင်းပြောလိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခြေအနေ စိုးရိမ်စရာ မရှိဘူးဆိုတဲ့ သတင်းအစအန အချို့ ရပေမယ့် ဒါဟာလည်း ရာနှုန်းပြည့်သေချာတဲ့ ကိစ္စ မဟုတ်တာကြောင့် ဒီ့ထက်ပိုပြီး သေချာတဲ့ သိရှိရမှု လိုအပ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ချုပ်နှောင်ထားပြီး သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်တွင် အကျဉ်းချထားသည်။
လတ်တလော နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင် ထားသော မန္တလေးအိုးဘိုထောင်တွင် ငလျင်လှုပ်ခတ်ချိန် အဆောက် အဦး ပြိုကျပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး အထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ပြိုကျလုဆဲ ထောင်အကျဉ်းအဆောင်များရှိ အခန်းများတွင် အကျဉ်း သားပေါင်း ၁၆၀ ခန့်ကို အတင်းထိုးထည့်ထားကြောင်း ၊အကြမ်းဖက်စစ်ကောင် စီအနေဖြင့် အကျဉ်းထောင်တွင်း သေဆုံးမှုကို စနစ်တကျ အတည်ပြုထုတ်ပြန်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
“စစ်ကောင်စီထုတ်ပြန်ထားတဲ့ လူဦးရေအရေအတွက်တွေအထဲမှာ အကျဉ်း ထောင် တွင်းက သေဆုံးတဲ့ လူတွေ ပါတယ်၊ မပါဘူးဆိုတာ သိဖို့ လိုအပ်ပြီးမှ တကယ်လို့ ပါတယ်ဆိုရင်တောင်မှ စနစ်တကျနဲ့ အတည်ပြုမှု ထုတ်ပြန်မှု လို အပ်တယ်။ ဒီလို မထုတ်ပြန်ခြင်းဟာ အကျဉ်းထောင်တွင်း သေဆုံးမှုတွေကို စစ်ကောင်စီအနေနဲ့ သတင်းဖုံးထားတဲ့ဟာကို လုံးဝ လက်မခံနိုင်ဘူး။ အကျဉ်း ထောင်တွင်း သေဆုံးမှု အရေအတွက် ဘယ်လောက်သေဆုံးထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာ နိုင် ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော် မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
အကျဉ်းထောင်အတွင်းရှိ အဆောက်အအုံနှင့် အုတ်ရိုးများမှာ နဂိုမူလကတည်း က ကြံ့ခိုင်မှုနည်းပါးပြီး အဆောင်များမှာ ပြိုကျလုဆဲဆဲအဆောင်များ ဖြစ် ကြောင်း၊ နှစ်ကာလရှည်ကြာသည့် အဆောင်များ ဖြစ်သည့်အပြင် လူဦးရေ များပြားစွာ ထားသည့်အတွက် အဆောင်များ၏ ခံနိုင်ရည်အားသည် နဂိုမူလကတည်းက အားနည်းနေခြင်းဖြစ်ကြောင်း ၎င်း က ထောက်ပြထားသည်။
ထို့ပြင် ငလျင်လှုပ်ခတ်ချိန်မှာ အကျဉ်းထောင် တန်းပိတ်ချိန်ဖြစ်ပြီး ငလျင် ၂ ကြိမ်လုံးပြီးသွားသည့် အချိန် အတော်ကြာမှသာ အကျဉ်းသားများကို တံခါးဖွင့်ပေး၍ အပြင်ထွက်ခိုင်းကြောင်း၊ ငလျင်ကြောင့် အကျဉ်းထောင်အဆောင်နံရံများ ၊ မျက်နှာကျက်များ ပြိုကျ၍ ထိခိုက်မိသူများရှိကြောင်း နိုင်ငံရေးအကျဉ်းသ ားမိသားစုဝင်တချို့က ဆိုသည်။
“ကျနော့် အစ်ကိုက အိုးဘိုထောင်မှာ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ကျနေတာပါ။ မတ်လ ၂၈ ညပိုင်းမှာ အဆောင်ထဲပြန်မဝင်ဘဲ အပြင်ထွက်အိပ်ချင်ပါတယ်လို့ မနည်းတောင်းပန်ပြောကြတဲ့ လူအုပ်ကြီးကို ထောင်က ကြောက်ပြီး အပြင်မှာ အိပ်ခွင့်ပေးပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ အဆောင်ထဲကို ဇွတ်အတင်းပြန်ဝင်ခိုင်းပါတယ်။ သော့ကိုတော့ ဖွင့်ပေးထားမယ်လို့ပြောပါတယ် မဝင်ချင်ကြောင်း ပြောတဲ့အခါ အပြင်မှာ စစ်တပ်တပ်စွဲထားတယ် ခုလှမ်းခေါ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသား၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
