25 C
Yangon

မန္တလေးအိုးဘိုထောင်တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောင်အပျက်အစီးများအကြား ဒဏ်ရာရ အကျဉ်းသားများကို ဖြစ်သလိုထားကာ ဆေးကုသမပေး

Must read

ရန်ကုန်၊ ဧပြီ ၉

မန္တလေးအိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျသွားသော အဆောင်အပျက်အစီးများအကြား ဒဏ်ရာရထားသည့် အကျဉ်းသားများကို ဖြစ်သလိုထားကာ ဆေးကုသမပေးကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သောသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အိုးဘိုထောင်တွင် ငလျင်ကြောင် ပြိုကျသွားသည့် တိုက်ပြိုများကိုလည်း ရှင်းလင်းပေးခြင်း မရှိသကဲ့သို့ ပြိုလုဆဲဆဲ အဆောင်များလည်း ရှိနေပြီး အကျဉ်းသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းလည်း မရှိကြောင်း၊ အဆောက်အအုံများ ပြိုကျမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများ သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမပေးဘဲ ဖြစ်သလို ထားရှိထားကြောင်း သိရှိရသည်။

“နောက်တစ်ခါ ငလျင်လာရင် ပြိုလုဆဲ အဆောင်အောက်က လူတွေ အကုန်းနီးပါး သေကုန်မှာ။ အကျဉ်းသားတွေက လောလောဆယ်မှာ မိုးကာရယ်၊ ဆေးဝါးရယ် အဓိက လိုနေပါတယ်” ဟု အိုးဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ငလျင်ကြောင့် ထိခိုက်ထားသည့် အဆောင်များအားလုံးသည် အချိန်မရွေး ပြိုကျနိုင်သည့် အန္တရာယ်ရှိနေသည့်အပြင် လက်ရှိ ငလျင်ကြောင့် ပြိုကျထားသည့် အဆောင်များမှလွဲ၍ တိမ်းစောင်းနေသည့် အဆောင်များ၊ တိုက်များတွင် အကျဉ်းသားများကို ဆက်လက်ထားရှိနေကြောင်း၊ ဆေးဝါးမလုံလောက်တဲ့ အခြေအနေမျိုးလည်း ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးထံမှ သိရှိရသည်။

“အထူးသဖြင့် ပြင်ပဆေးရုံကို ကုသဖို့ လိုအပ်သူတွေက ပြင်ပဆေးရုံကို ကုသခွင့်မရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် ၁ နှင့် အဆောင် ၂ တို့ ပြိုကျခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသူများဖြစ်ကြသည့် မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး ၊ ဒေါ်ခင်အုန်းရွှေ ၊ မကေကေဝင်း ၊ မပပဝင်း ၊ မဖူးဝေဝေ တို့ သေဆုံးခဲ့ပြီး စုစုပေါင်း လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမြို့ပေါ်မှ အပျက်အစီးတချို့

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမြို့ပေါ်မှ အပျက်အစီးတချို့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article