ရန်ကုန်၊ ဧပြီ ၁၁
အဆိုပါတိုင်ကြားစာကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၏ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ နိုင်ငံအဆင့်တိုင်ကြားချက်ဌာနသို့ တရားဝင်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တိုင်ကြားခဲ့သည့် မြန်မာအရပ်ဘက်အဖွဲ့အစည်း၏ အမည်ကို ထုတ်ပြန်ထားခြင်းမရှိပေ။
ယင်းတိုင်ကြားချက်သည် Airbus နေဖြင့် တရုတ်နိုင်ငံမှတစ်ဆင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်ဆက်နွယ်နေသည်ဆိုသော Justice For Myanmar နှင့် Info Birmanie အဖွဲ့တို့၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာ ထွက်ရှိပြီးနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တိုင်ကြားချက်အတွင်း Airbus ကုမ္ပဏီ၏ AVIC နှင့် စီးပွားရေးဆက်နွှယ်ပတ်သက်မှုများ ဖော်ပြပါရှိသလို၊ Airbus ၏ မိတ်ဖက် တရုတ်နိုင်ငံပိုင် လေကြောင်းလက်နက်ကုမ္ပဏီ AVIC သည် လေယာဥ်၊ လက်နက်၊ ဆက်စပ်စ္စည်းနှင့် နည်းညာအကူအညီများကို မြန်မာစစ်တပ်ကို ထောက်ပံ့ပေးအပ်နေခြင်းကြောင့်၊ ၄င်းလုပ်ရပ်များကို ရပ်တန့်ရန်အတွက် Airbus အနေဖြင့် AVICကို ဖိအားပေးလုပ်ဆောင်သင့်ကြောင်း ဖော်ပြပါရှိသည်။
Justice For Myanmar နှင့် Info Birmanie တို့၏ အစီရင်ခံစာတွင်လည်း AVIC သည် နိုင်ငံတကာစစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် မြန်မာစစ်တပ်၏ လေတပ်တိုက်ခိုက်ရေးယာဥ်နှင့် အခြားစစ်လေယာဉ်များကို အဓိကရောင်းချထောက်ပံ့သူ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။
မြန်မာ့လေတပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှု များကို တုန့်ပြန်ရန်အတွက် အရပ်သားပြည်သူနေရာများအပါအဝင် နေရာအနှံ့အပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများသည် ခြောက်လအတွင်း ငါးဆမြင့်တက်လာကြောင်း ရေးသားခဲ့သည်။
ထို့အပြင် AviChina ၏ ကော်ပိုရိတ်ဖွဲ့စည်းပုံတွင် မြန်မာစစ်တပ်ထံ စစ်လေယာဉ်များ ရောင်းချထောက်ပံ့ထားသည့် AVIC ကုမ္ပဏီခွဲများစွာ ပါဝင်နေပြီး၊ အဆိုပါစစ်လေယာဉ်များကို အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုသည့် မှတ်တမ်းများလည်း တွေ့ရှိထားကြောင်း အဆိုပါတိုင်ကြားစာအတွင်း ဖော်ပြပါရှိသည်။
ဥရောပ Airbus ကုမ္ပဏီကြီးသည် ဟောင်ကောင်မှတ်ပုံတင် AviChina Industry & Technology ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားပြီး၊ တရုတ်နိုင်ငံတဝန်းရှိ AVIC ကုမ္ပဏီများနှင့် လုပ်ငန်းများစွာ ပူးတွဲလုပ်ကိုင်ခြင်းဖြင့် တရုတ်လေကြောင်း နိုင်ငံပိုင်ကုမ္ပဏီကြီး AVIC နှင့် တိုက်ရိုက်ဆက်စပ်နေသည်။
Airbus အနေဖြင့် AVIC နှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုများတွင် လေးစားလိုက်နာရမည့် ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာတာဝန်များကို လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်းလည််း တိုင်ကြားချက်အတွင်း ဖော်ပြထားသည်။
နိုင်ငံစုံကော်ပိုရေးရှင်းကြီးများဆိုင်ရာ သုတေသနစင်တာ (SOMO) ၏ ယာယီအမှုဆောင် ဒါရိုက်တာ Joseph Wilde-Ramsing က
“AVIC နဲ့ AviChina တို့နဲ့ စီးပွားရေး ပတ်သက်ဆက်နွှယ်မှုတွေကတဆင့် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေနဲ့ တိုက်ရိုက်ဆက်နွှယ်မှုတွေကို Airbus အနေနဲ့ ငြင်းကွယ်လို့မရပါဘူး။ Airbus အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ယေဘူယျတာဝန်တစ်ရပ် ရှိပါတယ်။ ဒါ့အပြင် AVIC နဲ့ AviChina တို့ကို မြန်မာစစ်တပ်ဆီ စစ်လေယာဉ်တွေ ရောင်းချတာ၊ စစ်အုပ်စုဆီ နည်းပညာအကူအညီတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေ ပေးအပ်နေတာကို ရပ်တန့်စေဖို့ သီးခြားတာဝန်လည်း ရှိနေပါတယ်”
Airbus အနေနဲ့ ဒါကို လုပ်ဆောင်နိုင်မှုမရှိရင် အဲ့ဒီ AVIC နဲ့ စီးပွားရေးဆက်နွှယ်မှုတွေကို တာဝန်ယူမှုရှိစွာ ဖြတ်တောက်သင့်ပါတယ်။ Airbus အနေနဲ့ စစ်အုပ်စုဆီ သူတို့ကိုယ်တိုင် စစ်လက်နက်တွေ လွှဲပြောင်း ပေးအပ်တာမဟုတ်ဘူး သို့မဟုတ် AVIC နဲ့ AviChina တို့အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိဘူး ဆိုတဲ့အချက်က သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လျော့ပါးသွားစေမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
AviChina ၏ မြန်မာစစ်တပ်သို့ ပေးပိုခဲ့သည်များတွင် K-8 တိုက်လေယာဉ်နှင့် Y-12 စစ်ဘက်သယ်ယူပို့ဆောင်ရေးနဲ့ ဘက်စုံသုံးလေယာဉ်များ ပါဝင်ကြောင်း အဆိုပါကုမ္ပဏီ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ကိုးကား၍ တိုင်ကြားချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာလာသည့်အချိန်အထိ မြန်မာစစ်အုပ်စုသည် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ပေးအရေးယူခံရခြင်း စိုးစဥ်းမျှမရှိ ဆက်လက်ကျူးလွန်နိုင်ခြင်းသည် AVIC ကဲ့သို့ နိုင်ငံခြားမိတ်ဖက်များထံမှ တိုက်လေယာဉ်များ၊ ဆက်စပ်ပြုပြင်ထိန်းသိမ်းမွမ်းမံရေး နည်းပညာဝန်ဆောင်မှုများနှင့် စစ်လက်နက်များ ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်ပြီး၊ ယင်း AVIC ၏ လုပ်ရပ်များ ရပ်တန့်စေရန်အတွက် ၄င်း၏မိတ်ဖက် ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus အနေဖြင့် ဖိအားပေးလုပ်ဆောင်သင့်ကြောင်း ထိုသို့မလုပ်နိုင်ပါက Airbus အနေဖြင့် AVIC ရှိ ရင်းနှီးမြှုပ်နှံထားမှုများကို အလုံးစုံရုပ်သိမ်းသင့်ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက ဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



