မြိုင်နှင့် ရေစကြို အစပ်ရှိ တောင်ဦးရွာအနီးကို သင်္ကြန် အတက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ တောင်ဦးရွာအနီးကို သင်္ကြန် အတက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ တောင်ဦးရွာအနီးကို အကြမ်းဖက် စစ်တပ်၏ မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်လောက်က မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်က တောင်ဦးရွာအနီးကို ကျဲချ သွားတာလို့ သိရတယ်။ ဂျက်ဖိုက်တာ ၁ စီးနဲ့ ၂ ကြိမ် ဗုံးကျဲသွားတာ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
