ဝေါမြို့နယ်တွင် ကင်းချထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စလင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သား သစ် ၁ ဦးကို အရှင် ဖမ်းမိ
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာတွင် ကင်းချထားသော စစ်ကောင်စီ တပ်သားများ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝေါမြို့နယ်၊ လက်ပံရွာတွင် ကင်းချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“သူတို့ကင်းချိန်းတဲ့ အျခိန် လှုပ်လှုပ်ရှားရှားဖြစ်တာနဲ့ အတည်ပြုပြီး တခါတည်းဝင်ပစ်ခဲ့တာ။ အဲဒီရွာ မှာက စခတွေ အနေများတယ်။ ကျနော်တို့တောင်ညိုတပ်ရင်းအနေနဲ့ ကျဆုံးရဲဘော်တွေအတွက် ရော၊ မိဘပြည်သူတွေအတွက်ပါ ကျနော်တို့တောင်ညိုတပ်ရင်းရဲ့ ငါတို့တောင်ညို ဘယ်တော့မှ မပြို ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဆက်လက်ကြိုးစားနေမှာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုတပ်ရင်းနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Peacock Brother Urban Guerrilla အဖွဲ့က ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုင်း ၁၀ လုံး ထက်မနည်း နင်းမိပြီး အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ စစ်ကြောင်းအတွင်းမှ ထွက်ပြေး လွတ်မြောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို ဒဏ်ရာများနှင့် အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အရှင်ဖမ်းဆီးရမိသော စစ်မှုထမ်း တပ်သားသစ်သည် မောင်ဖိုးအေး ဆိုသူဖြစ်ပြီး စစ်မှုထမ်း အပတ် ၅ မှ သင်တန်းဆင်းဖြစ်ကာ မိုင်းထိမှန်ထားသော ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုများ ပြုလုပ်ပေးကာ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။
