30 C
Yangon

ပုသိမ်ကြီးမြို့နယ်တွင် ဆိုင်ကယ်စီး အမျိုးသမီး ၁ ဦးကို ကားဖြင့်တိုက်မိပြီးနောက် ကားအောက်တွင် ညှပ်ပါလာမှုကို တာဝန်မယူဘဲ ဒဏ်ရာရ အမျိုးသမီးကို စွန့်ပစ် မောင်းပြေးသောကားမှာ ပုသိမ်ကြီးမြို့နယ် ပျူစောထီးအဖွဲ့ဝင်များ၏ ကားဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဆိုင်ကယ်စီး အမျိုးသမီး ၁ ဦးကို ကားဖြင့်တိုက်မိပြီးနောက် ကားအောက်တွင် ညှပ်ပါလာမှုကို တာဝန်မယူဘဲ ဒဏ်ရာရ အမျိုးသမီးကို စွန့်ပစ် မောင်းပြေးသွားသော ကားမှာ ပုသိမ်ကြီးမြို့နယ် ပျူစောထီးအဖွဲ့ဝင်များ၏ ကားဖြစ်ကြောင်း မျက်မြင်သက်သေများ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုအရ သိရှိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ၊ ၁၉လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် ဆိုင်ကယ်စီး အမျိုးသမီး ၁ ဦးကို TOYOTA MARK X အဖြူရောင် ကားနံပါတ် 3J/1013 က တိုက်သွားကြောင်း၊ ယင်းနောက် ဆိုင်ကယ်စီး အမျိုးသမီးမှာ ကားအောက်တွင် ညှပ်ပါသွားပြီး လမ်းနှင့် ဒရွတ်တိုက် ပါသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အနီးအနားရှိ ပြည်သူများ၏ အကြောင်းကြားချက်အရ လူမှုပရဟိတ ကယ်ဆယ်ရေးသမားများက ဆိုင်ကယ်တိုက်ခိုက်ခံသည့် အမျိုးသမီးကို ရှာဖွေခဲ့ကြောင်း၊ TOYOTA MARK X အဖြူရောင် ကားနံပါတ် 3J/1013 က အဆုတ်ဆေးရုံအနီးတွင် ကားရပ်ပြီး ညှပ်ပါလာသော အမျိုးသမီးကို ကားပေါ်တင်ဆောင်ပြီး ကံကောက်အထည်ချုပ်အနီးတွင် စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် မန္တလေးဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

“ ကားအောက်မှာ ညှပ်ပါသွားတဲ့ အမျိုးသမီးက ဒီနေ့ခွဲစိတ်ခန်းဝင် ပြီးတဲ့ နောက်ပိုင်းအခြေအနေကတော့ မသိရသေးဘူး။ မနေ့ကတော့ စကားတွေဘာတွေပြောတယ်။ ကျိုးတာပဲ့တာမရှိဘူး။ မီးလောင်ဒဏ်ရာပုံစံမျိုးပေါ့၊ မီးလောင်ဒဏ်ရာပုံစံမျိုးက ဗိုက်ရယ်။ ပေါင်တွေ မှာရယ်ဖြစ်တယ်၊ ပြီးတော့ နဖူးကွဲဒဏ်ရာပေါ့၊ ကားအောက်ကနေညှပ်ပြီး တစ်ပြလောက်ပါသွား တာ။ လက်ရှိစိုးရိမ်စရာတော့ မရှိဘူး” ဟု အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့သည့် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အမျိုးသမီးကို တိုက်၍ ကားအောက်တွင် ညှပ်ပါလာသည်ကို တာဝန်မယူဘဲ စွန့်ပစ်ခဲ့သည့် TOYOTA MARK X အဖြူရောင် ကားနံပါတ် 3J/1013 မှာ ပုသိမ်ကြီးမြို့နယ် ပျူစောထီး (ခ) ပြည်သူ့စစ်အဖွဲ့မှ ကားဖြစ်ပြီး ယင်းကားကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးဖြစ်သော ဝေယံ ( Tiktok အကောင့် kowaiyan8221 အရှင်မင်းကြီးဒူးရှည်) က လုံခြုံရေး ကင်းလှည့်ရာတွင် အသုံးပြုသော ကားအဖြစ် ဗီဒီယိုနှင့်တကွ ဖော်ပြထားသည်။

“ကားနံပါတ်ရော၊ ကားကိုရော မျက်မြင်သက်သေတွေရော CCTVတွေရောရှိနေတာ။ မောင်းပြေးတာကိုလည်း အကုန်သိနေတာ။ မန္တလေးမြို့မှာ အခုထိ အမှုဖွင့်ဖမ်းဆီးဖို့ ဆောင်ရွက်နေဆဲဆိုတာက ယုတ္တိမရှိပါဘူး။ ကားက ပုသိမ်ကြီး ပြည်သူ့စစ်အဖွဲ့ရဲ့ ကား။ ‌ခွေးတွေက မစီးဖူးတဲ့ကားတွေစီးရလို့ ကြွားပြီး တစ်တော့မှာ Video တင်ထားလို့ ရှားရှားပါးပါး သူတို့ကားမှန်း သိတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကားတိုက်ခံရမှုကြောင့် လက်ရှိ မန္တလေးဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရသော အမျိုးသမီးမှာ မစိုးစန္ဒာခိုင်ဖြစ်ပြီး လက်ရှိအချိန်အထိ အသက်အန္တရာယ် အတွက် စိတ်ပူနေရဆဲဖြစ်ကြောင်း၊ တိုက်ပြေးသည့် ပုသိမ်ကြီးမြို့နယ် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့က မည်သည့် တာဝန်မှ မယူကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article