မကွေးတိုင်း၊ စလင်းမြို့ ဘက်မှ ဆင်ဖြူကျွန်းမြို့ဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်အချိန် စလင်းမြို့ဘက်မှ ဆင်ဖြူကျွန်းမြို့ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာသော FAW ကား ၂ စီးနှင့် ခြေလျင်စစ်ကြောင်းကို စလင်း- ဆင်ဖြူကျွန်းလမ်းပိုင်း၌ စလင်း မြို့ပြ(UG)ကျားပေါက်တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး စလင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုကတော့ ရှိတယ်။ ကျနော်တို့လည်း ဆက်လက် စုံစမ်းဆဲပါ။ စစ်ခွေးတွေက စလင်းမြို့ကနေပြီးတော့ ဆင်ဖြူကျွန်းဘက်ကို သူတို့ ကား ၂ စီးနဲ့ ခြေလျင် စစ်ကြောင်းလည်းပါတယ် သူတို့ စစ်ကြောင်းထိုးလာတာကို လမ်းပိုင်းမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တောချောင်းဦး ( ရဲကင်းကုန်း) စခန်းကိုလည်း တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀နာရီ ၃၀မိနစ်ခန့်တွင် မြင်းမူမြို့နယ် ၊ တောချောင်းဦး ( ရဲကင်းကုန်း) စခန်းကို Snipe Rangers Force (Local – PDF) က ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဗုံး ၂ လုံးမှာ ရဲကင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ရဲကင်းနှင့် မီတာ ၃၀ အနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၇ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အသေးစိတ်ကတော့ ပြောရရင် ညဘက် တွေ ပြည်သူတွေရှိရာဘက်ကို စစ်ခွေးတွေက လက်နက်ငယ်နဲ့ ပစ်ဖောက်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တာပါ။ စစ်ခွေး အင်အားကတော့ ၄၈ ဦး ရှိတယ်။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ သူတို့ဘက်က စပြီး ပြည်သူတွေ ရှိရာဘတ်ကို ပစ်နေတဲ့အချိန် ကျနော်တို့ကလည်း ပြန်ပစ်လိုက်တာပါ။ ဗုံး ၂ လုံးကတော့ စခန်းထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ကျန် တစ်လုံးကတော့ စခန်းမှုး အဆောင်နားကို ကျတယ်လို့ သိရပါတယ်။ အဲ့စခန်းကို ကာကွယ်ရေးတပ်တွေဘက်က အကြိမ်ကြိမ် သိမ်းဖို့ ကြိုးစားခဲ့ပေ့မဲ့ လေကြောင်းနဲ့ တလျှောက်လုံး ခုခံတဲ့ အတွက် သိမ်းမရသေးတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ထိခိုက်မူကတော့ ၇ ဦးလောက်တော့ အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်”ဟု Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် Snipe Rangers Force (Local – PDF) ၊ ဒေသခံ ရပ်ကျေး ပကဖ ၊ ပအဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ဓာတ်ပုံ- မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)




