စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ်က ဝမ်ပေါင်ကုမ္ပဏီအနီးအနားရှိ ကျေးရွာများသို့ စစ် ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် တုံရွာအနီး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် တုံရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့မှ ဆားလင်းကြီးမြို့နယ် ဘက်ကိုကူးလာပြီး ဝမ်ပေါင်ကုမ္ပဏီမှ တဆင့် ဆားလင်းကြီးမြို့ အထိ စစ်ကြောင်းထိုး သွားလာနိုင်ကြောင်း သိရသည်။
“ဒီနေ့နံနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကနေ ထွက်လာတဲ့ စစ်ခွေး အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းက ဆားလင်းကြီးမြို့နယ် တုံရွာ အနီး ရောက်ရှိလာလို့ ပြည်သူများလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပါတယ်။ အဲစစ်ခွေးတွေက ၁၂ ရက်နေ့ နံနက်ပိုင်းမှာ မုံရွာ ကနေ တဆင့် ကူးလာတဲ့ စစ်ကြောင်းဖြစ်ပြီး ဆားလင်းကြီးမြို့အထိ သွားနိုင်တယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖြတ်သန်းရာ လမ်းတောက်လျှောက် ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခြင်း၊ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ပြည်သူများသည် စစ်ကြောင်းနှင့် ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့။






