မန္တလေးတိုင်း ညောင်ဦးမြို့နယ်နှင့် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာ အုပ်ချုပ်ရေးမှုး ဦးလွင်ကို ကို အမည်မသိ သေနတ်သမားများက ၎င်းနေအိမ်အတွင်း သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“အုပ်ကြီးကို ဆိုင်ကယ်နဲ့ လာပစ်သွားတာ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ စစ်ခွေးတွေတော့ အလောင်းလာကောက်သွားတယ်။ အနီးအနားက ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။
အလားတူ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင်လည်း လုံးဖောကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၂ ဦးကိုလည်း အမည်မသိ သေနတ်သမားများက ဖမ်းဆီးသွားပြီး ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် လုံးဖောကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ပျူစောထီး အေးစိုး ၊ သက်ဦး တို့ကို အမည်မသိသေနတ်သမားများက ဝင်ရောက် ဖမ်းဆီးသွားပြီး လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။




