အကြမ်းဖက်စစ်တပ်က နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့ နှင့်မိုးကုတ် မြို့နယ်တို့တွင် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်၊ အဆောက်အအုံနှင့်ကားများစွာ ပျက်စီးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် TNLA ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၆ မိနစ်အချိန် မိုးကုတ်မြို့နယ် အေနာက်ခြမ်း၊ ရေအေးကျေးရွာရှိ မွေးမြူရေးကြက်ခြံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း၊ လတ်တလော လူထိခိုက်မှု အခြေအနေ ရှိ၊ မရှိ မသိရသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“လာကျဲတာကတော့ ရေအေးရွာ အထက်က ကြက်ခြံလို့ ပြောတယ်။ ပထမ ကျောက်ဖားဆိုပြီး ပြောနေကြတာ။ ကြက်ခြံဆိုရင်တော့ အထိအခိုက်မရှိနိုင်ဘူးထင်ပါတယ်။ အတိအကျတော့ မေးနေတုန်းပါပဲ” ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိစ် အချိန် နမ့်ဆန်မြို၊ နမ္မဝေါရပ်ကွက် သို့ ပေါင် ၂၅၀ ဗုံး ၁ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင် နှင့် အသက် ၂၄ နှစ်အရွယ် ဦးချစ်စမ်းမောင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ အိမ်၊ လက်ဖက်စက်ရုံ ၁ ရုံ၊ မီးသတ်ကား ၅ စီးနှင့် ကား ၄ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ထိုအပြင် မန်တုံမြို၊ အောင်ချမ်းသာရပ်ကွက်တွင်လည်း ယနေ့ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးလာရောက်ကျဲချတိုက်ခိုက်သဖြင့် နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က မိုင်းငေါ့မြိုနယ်၊ လွယ်ပိန်းကျေးရွာလည်း လေကြောင်းဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ဇရပ်တို ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ယခု အောက်တိုဘာ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်တပ်က TNLA သိမ်းပိုက်ထားသော နေရာများကို လေကြောင်း တိုက်ခိုက်မှု ၂၈ ကြိမ် လုပ် ဆောင်ခဲ့ပြီး သံဃာတော် ၂ ပါး၊ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း လူ ၄၁ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။






