စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ နေအိမ် အားလုံးရှိ ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု)နှင့် Wetlet Informational Network မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ သလဲဘာရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၅၀ ခန့်က သေနတ်များ ပစ်ဖောက်ကာ ကျောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျောက်ကုန်းကျေးရွာမှ အမျိုးသမီး ၂ ဦးကို စစ်သားများက ဖမ်းဆီးထားပြီး ရွာထဲရှိ နေအိမ် အားလုံးကိုလည်း ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးကြီး ပစ္စည်း အားလုံးကို စိတ်ကြိုက်ယူဆောင်နေကြောင်း သိရှိရသည်။
ယင်း စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် အရာတော်နှင့် ဝက်လက် အစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ကျောက်ကုန်းကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာခြင်းမရှိသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဒီနေ့ နံနက် ၇ နာရီခွဲမှာ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာကို အင်အား ၅၀ လောက်ပါတဲ့ စစ်ခွေးစစ်ကြောင်းက ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို ပစ်ခတ်ပြီ ဝင်ရောက် စီးနင်းတာ ကျောက်ကုန်းရွာက အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားတယ်။ စစ်ခွေးတွေက ရွာထဲက ပစ္စည်းတွေကိုတော့ စခိုးနေပြီ သလဲဘာရွာဘက်ကို သယ်နေတယ်။ စစ်ကြောင်းက မထွက်သေးတော့ ရွာထဲ ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ က ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှိမ်းမကားရွာသစ်မှ စစ်ဘေးရှောင် ပြည်သူ ၅၀ ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ စစ်အသုံးအဆောင် ပစ္စည်းများ သယ်ဆောင်ခိုင်းပြီး စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။




