ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်၊ မကျီးပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း တောင်ညိုဆည် သင်းဘောချည်တိုင် ဘုန်းကြီးကျောင်းကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မယင်းရွာ စာသင်ကျောင်းကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကျည်းပင်ရွာ၊ ဘန့်ဘွေ့ကုန်းရွာ၊ လယ်မအင်းရွာတို့ကို တနေကုန်ဗုံး ၁၆ လုံးကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“နတ်တလင်းမြို့နယ်ထဲကို စစ်ခွေးတွေရဲ့ စက်တပ်လေထီးတွေက နေ့တိုင်း နီးပါးကို ဗုံးကျဲ တိုက်ခိုက်နေတာ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာတော့ ပြည်သူ ၄ ဦး သေဆုံးတယ်။ မနေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် နတ်တလင်းမြို့နယ် အတွင်း လေကြောင်း တိုက်ခိုက်မှုများနေ့စဉ် ပြုလုပ်နေခြင်းကြောင့် ပြည်သူများသည် ကျေးရွာများမှ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုများကလည်း လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
ဓာတ်ပုံ – ပဲခူးတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ် ၁ လုံး (ပုံအဟောင်းဖြစ်သည်)




