ရန်ကုန် ၊အောက်တိုဘာ ၂၀
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ စန်းကုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေ ဗုံးကျဲသွားတာ အထိအခိုက်အပျက်အစီးမရှိပါဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေတော့ ထိခိုက်တာမျိုး မရှိပါဘူး” ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အလယ်ခြမ်းနှင့် အရှေ့ခြမ်းရှိ ကျေးရွာများကို နမခ မှ တက်သော စက်တပ်လေထီး ၂ စီးက ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးတာကို ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ။ စက်တပ်လေထီး ၁ စီးက ဘုရားနီဘက်နဲ့ ဒုတိယ စက်တပ်လေထီးက ထန်းပုဘက်ကို ကျဲသွားတယ်လို့ ကြားတယ်။ အထိခိုက်အချို့ ရှိတယ်လို့ပဲ သိရသေးတယ်” ဟု Monywa Roads Information – MRI မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ် အတွင်း အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ညောင်ပင်ကြီးစခန်းမှ ထွက်လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီး ကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။




