မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်ဖက် စစ်တပ်မှ စစ်သား ၁ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လာရောက် ထောက်လှမ်းစဉ် အရှင်ဖမ်းမိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် လင်းဦး၏ လက်အောက်ခံ ရုံးပိုင်းဆိုင်ရာ တာဝန် ထမ်းဆောင်နေသော စစ်သား ၁ ဦးဖြစ်သူ မျိုးဇော်ကို ရေးဘီလူးတပ်ရင်းက အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်သား မျိုးဇော်သည် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို လာရောက် စုံစမ်း ထောက်လှမ်းခြင်းကြောင့် လက်နက်ယူဆောင်လာခြင်းမရှိကြောင်း၊ ၎င်းကို စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်နက်တော့ပါမလာဘူး။ သတင်းလာထောက်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဖမ်းဆီးရမိတယ်နော်။ ဒီနေ့မှာ ဖမ်းဆီးရမိတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး အရေးယူဆောင်ရွက်သွားဖို့ရှိတယ်” ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။




