31 C
Yangon

အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံ BGF တို့က ကျားဖြန့် အပါအဝင် ရာဇဝတ်ဂိုဏ်းလုပ်ငန်းများအတွက် လွယ်ကူချောမွေ့ပြီး လုံခြုံသည့် ခိုလှုံရာများ ဖန်တီးပေးနေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံ BGF တို့က ကျားဖြန့် အပါအဝင် ရာဇဝတ်ဂိုဏ်းလုပ်ငန်းများအတွက် လွယ်ကူချောမွေ့ပြီး လုံခြုံသည့်ခိုလှုံရာများ ဖန်တီးပေးနေဟု ကုလသမဂ္ဂတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံ ရေးကော်မတီ (ပထမ ကော်မတီ) ၏ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်းတို့ ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ICT ကို အသုံးပြု၍ ဘေးဖြစ်စေမည့် လုပ်ငန်းများကို ကျူးလွန်လျက်ရှိကြောင်း၊ ဒီဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ခြင်း၊ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းစင်တာများ တိုးပွားလာခြင်း တို့ကို စိုးရိမ်ဖွယ် ရင်ဆိုင်နေရကြောင်း၊ ထိုအွန်လိုင်းလိမ်လည်မှု၏ သားကောင်များသည် ကမ္ဘာတစ်ဝှမ်းမှဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကာ အသက်သေဆုံးသည်အထိ ဖြစ်ရခြင်း၊ အဓမ္မအလုပ်ခိုင်းစေခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့နှင့် ရင်ဆိုင်ကြရကြောင်း၊ မြန်မာနိုင်ငံမှ စတင်လာသော ဤအွန်လိုင်းလိမ်လည်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ကြီးမားသော သက်ရောက်မှုများရှိနေကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

စစ်အုပ်စုကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် ကျားဖြန့် ဆိုက်ဘာလိမ်လည်မှု စင်တာများ၏ ပြဿနာကို ရေရှည် တည်မြဲ၍ ထိရောက်စွာ ဖြေရှင်းရန် စစ်အုပ်စုအနေဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ အလွန်ရှင်းလင်းနေကြောင်း၊ုထိုအခြေအနေမျိုးတွင် စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲက အကြမ်းဖက်မှုများကို ပိုမိုကြာရှည်စေမည်ဖြစ်ပြီး ဆိုက်ဘာမှုခင်းများ ပိုမိုဆိုးရွားလာ၍ ဒေသတွင်းနှင့် ဒေသတွင်းကျော်၍ မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း၊ စစ်အုပ်စု၏ လှည့်ဖြားသည့် လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ပယ်ချရန် နိုင်ငံတကာ အသိုက်အဝန်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို အကျိုးပြုမည့် ပွင့်လင်းပြီး ဘေးကင်း လုံခြုံ စိတ်ချရသည့် ငြိမ်းချမ်းသောဆိုက်ဘာရပ်ဝန်းတစ်ခု ပေါ်ပေါက်လာစေရန် ဆက်လက် ဆန္ဒပြု ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်းတို့ ၏ လက် အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ICT ကို အသုံးပြု၍ ဘေးဖြစ်စေမည့် လုပ်ငန်းများကို ကျူးလွန်လျက်ရှိကြောင်း၊ ယင်း၏ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် အောက်ဖော်ပြပါ စိုးရိမ်ဖွယ်ရာ အခြေအနေ နှစ်ရပ် ပေါ်ပေါက်လာခဲ့ကြောင်း။ စစ်တပ်က ဒီဂျစ်တယ်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို မတရား ထိန်းချုပ် ထားပြီး အင်တာနက်နှင့် ဖုန်းဝန်ဆောင်မှုများကို ဆိုင်းငံ့ထားခြင်း၊ လူမှု ကွန်ယက်များကို ပိတ်ဆို့ထားခြင်းနှင့် ၎င်းတို့နှင့် အမြင်မတူသူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များအား ပေးအပ်ရန် ICT ဝန်ဆောင်မှုလုပ်ငန်းရှင်များအပေါ် အဓမ္မဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်အုပ်စု၏ ဒီဂျစ်တယ်စောင့်ကြည့်ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသူများနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို ခြေရာခံကာ ဖမ်းဆီးရန်အတွက် Personal Scrutinization and Monitoring System ကို မကြာသေးမီက အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ဆိုက်ဘာရပ်ဝန်းသည်စစ်အုပ်စု၏ စောင့်ကြည့်ရေး စုစည်းမှုနေရာအဖြစ် သို့ ပြောင်းလဲသွားခဲ့ကြောင်း၊

ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းစင်တာများ တိုးပွားလာခြင်း၊ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်သူများသည် စာတိုများ၊ messaging apps များ ထုတ်လုပ်နိုင်သော Generative AI နှင့် Deepfake နည်းပညာများကို အသုံးပြုကာ သားကောင်များကို သွေးဆောင်ပြီး ဆိုက်ဘာလိမ်လည်မှုများ ကျူးလွန် လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ BGF တို့က ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို လွယ်ကူချောမွေ့စေပြီး လုံခြုံသည့်ခိုလှုံရာများ ဖန်တီးပေးနေကြကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ထိုအွန်လိုင်းလိမ်လည်မှု၏ သားကောင်များသည် ကမ္ဘာတစ်ဝှမ်း မှဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံရကာ အသက်သေဆုံးသည်အထိ ဖြစ်ရခြင်း၊ အဓမ္မအလုပ်ခိုင်းစေခံရခြင်းနှင့် လူကုန်ကူးခံရ ခြင်းတို့နှင့် ရင်ဆိုင်ကြရကြောင်း၊ လူငယ်အမျိုးသားနှင့် အမျိုးသမီးပေါင်း ၁ သိန်းကျော်သည် ကျားဖြန့်စခန်းများသို့ လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရန် အတင်းအကျပ် ခိုင်းစေခံနေရကြောင်း၊ အများအားဖြင့် အဆင့်မြင့် AI ကို အသုံးပြု၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ နီးပါး ရရှိနေကြောင်း၊ စိတ်မချမ်းမြေ့စရာပင် မြန်မာနိုင်ငံမှ စတင်လာသော ဤအွန်လိုင်းလိမ်လည်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ကြီးမားသော သက်ရောက်မှုများရှိနေကြောင်း သိရှိရသည်။

ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် သက်ဆိုင်သူများနှင့် အပြည့်အဝ ပူး ပေါင်းဆောင်ရွက်မှု မရှိခြင်းတို့သည် မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဘက်နယ်စပ်မှ ကျားဖြန့်စင်တာများသည် အရှေ့တောင်ဘက်နယ်စပ်သို့ ရွှေ့ပြောင်းလာ ကြပြီး၊ အဆိုပါ အရှေ့မြောက်ဒေသတွင် ခေတ္တသက်သာရာ ရမှုသာ ဖြစ်မည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ သည် ဆိုက်ဘာမှုခင်းများနှင့် လူအချင်းချင်းခေါင်းပုံဖြတ်မှုများ တိုးပွားလာနေသော အကျပ်အတည်းကို တိုက်ဖျက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သံအမတ်ကြီးက တရား၀င် သတင်းထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article