Khit Thit Media ကို Love React ပေးမှုဖြင့် ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က ယမန် နေ့ ညပိုင်းသတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်က ဝါဒဖြန့် အလိမ်အညာ ဇာတ်လမ်းဖြစ်သော “ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ”ကို ဝေဖန်မှုဖြင့် ဒါရိုက်တာသက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင်ကို ဖမ်းဆီးခဲ့ကြောင်း ၊ ယင်းအပြင် ဒါရိုက်တာ သက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင်က Khit Thit Media ကို Love React ပေးထားကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ နှောင့်ယှက်မှုဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားသည်။
စစ်တပ်၏ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးဖြစ်သည်။
စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်သူများဟုဆိုကာ လက်ရှိအချိန်အထိ ပြည်သူ ၈၈ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများတွင် အမျိုးသား ၈၃ ဦးနှင့် အမျိုး သမီး ၅ ဦးပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးလျှင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
အထူးသဖြင့် စစ်တပ်က ပြည်သူများကို ဖမ်းဆီးရာတွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အရေးယူလေ့ရှိပြီး ယင်းပုဒ်မတွင် ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်း စဉ်၏ တစ် စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။






