ရန်ကုန်တိုင်းရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်မခန့်ရန် အမိန့်ထုတ်သည့် ဒေါက်တာနန္ဒာဝင်းတွင် ယုတ်မာရက်စက်သည့် စိတ်ဓာတ်နှင့်ရပ်တည်ချက်ရှိနေ၍ ပြည်သူ့ဂုဏ်ရည်ဆုနှင့် မထိုက်တန်သူအဖြစ် ရှုတ်ချကြောင်း အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန် ကြေညာသည်။
၂၀၁၅ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အထူးဆုဖြင့်ဂုဏ်ပြုခဲ့သော ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာ ကိုသုံးလျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက် များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။
ဒေါက်တာနန္ဒဝင်းနှင့်သက်ဆိုင်သောအချက်အလက်များကိုလည်း ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာမှ ဖယ်ရှားလိုက်ပြီး ပြည်သူ့ဂုဏ်ရည်ဆုရှင်တဦးအဖြစ် ထိုက်တန်မှုမရှိကြောင်း၊ ဒေါက်တာနန္ဒဝင်း၏ စက်ဆုပ်ရွံရှာ ဖွယ် ယုတ်မာရက်စက်သည့်စိတ်ထားနှင့် ရပ်တည်ချက်ကို ပြည်သူ့ဂုဏ်ရည်အသင်းက ပြင်းထန်စွာ ရှုတ်ချထားသည်။
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး နန္ဒာဝင်းက အောက်တိုဘာလ ၂၉ ရက်နေ့တွင် CDM ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ထုတ်ပယ်ခံထားရသော ကျန်းမာရေးဝန်ထမ်းများနှင့် လိုင်စင် မရှိသော ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် အချိန်ပိုင်း၊ အချိန်ဖြစ်စေ ငှားရမ်းခြင်းဖြစ်စေ ခန့်ထားခြင်းမပြုလုပ်ရန် ၊ လုပ်ဆောင်ခြင်း တွေ့ရှိပါက ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များကိုလည်း တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းသို့ ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။




