27 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များပျက်စီး၊ ပေါက်မြို့နယ်ရှိ တောတဲများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ တောင်ခင်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စောဆန်းလွင်၏ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း ခလရ-၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စောနန်းဝင်းထွန်း၏ နေအိမ် ၁ လုံးလည်း ထပ်မံ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင်လည်း ရေတွင်းကုန်း ကျေးရွာအတွင်းကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သောလည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်များ အတွင်းကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဥ် ပစ်ခတ်လျက်နေသောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှု များစွာဖြင့် နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာရှိ တောတဲများကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း Successful Force – Pauk ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူစောထီးရွာမှ အုန်းတောတံတားကို ဖြတ်၍ ပေါက်မြို့သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုန်းတောတောင်စုရှိ တောတဲများကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးသွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့ပေါ်သို့ ဝင်ရောက်သွားကြောင်း၊ ထို့ပြင် ပေါက်မြို့ပေါ်မှလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းတစ်ကြောင်းက ထပ်မံ ထွက်ခွာလာကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးသွားတယ်လို့တော့ မကြားမိဘူး။ အုန်းတောတောင်စုရွာအနီးက တောတဲတွေကိုတော့ မီးရှို့သွားပြီး ပေါက်မြို့ပေါ်ကို ဝင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article