ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ပျူစောထီး စခန်းနှင့် ပတ်ကင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး စခန်းမှူးနေအိမ်နှင့် ဗိုလ်တဲ ကိုလည်း မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်အချိန် နတ်တလင်းမြို့နယ်၊ မင်းဘူးကျွန်းအောက်စုရွာရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁ တပ်ရင်း Drone တပ်ဖွဲ့ ရဲဘော်များနှင့် တပ်ခွဲ ၂ ရဲဘော်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ယင်းနေ့ နံနက် ၅ နာရီ ၂၃ မိနစ်ခန့်တွင် မင်းဘူးကျွန်းအောက်စုရွာနှင့် တောင်ညိုရဲစခန်း အကြားရှိ ကံစုတာဂွ စခန်းမှူး နေအိမ်နှင့် စစ်သားများ ကင်းပုန်းဝပ်သော ဗိုလ်တဲစခန်းကိုလည်း တော်လှန်ရေး ရဲဘော်များက မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရ သည်။
ထို့နောက် တောင်ညိုရဲကင်းစခန်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားနှင့် ရဲများကို ယင်းနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“ကံစုတာဂွက မင်းဘူးကျွန်းအောက်စုရွာနဲ့ တောင်ညိုရဲစခန်း အကြားမှာရှိတာပါ။ ဆိုင်ကယ်နဲ့ဆို ၁၅ မိနစ်လောက်မောင်းရတယ်။ ကျနော်တို့ အရင်ဆုံး ဒရုန်းနဲ့ ချတယ်။ ပြီးတော့ စခန်းမှူး နေအိမ်နဲ့ ဗိုလ်တဲကို မီးရှို့တယ်။ အဲ့တာမှ တောင်ညိုရဲစခန်းက စစ်ခွေးနဲ့ ရဲခွေးတွေ ထွက်လာတာကို ကံစုတာဂွ အနားမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။





