စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားအားလုံးထွက်ပြေးသွား၍ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် အစောပိုင်းတွင် အရာတော်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ဂိတ်စခန်းရှိ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ ထို့နောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဂိတ်စခန်းကို ဝင်ရောက် ရှင်းလင်းခဲ့ရာ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး အထိအခိုက်ရှိတယ်လို့ပဲ သိရသေးတယ်။ လောလောဆယ်တော့ သေစာရင်း မသိရသေးဘူး။ အရာတော်မြို့ အမှတ် ၂ စစ်ခွေး ဂိတ်စခန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ နှင့် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ (LDF) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်





