ရန်ကုန်၊ ဧပြီ ၁၅
ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနှင့် မြဝတီမြို့နယ်များအတွင်းရှိ Starlink ဂြိုဟ်တုအင်တာနက်စက်အများစု ယမန်နေ့ညပိုင်းမှစတင်၍ အပိတ်ခံရနေကြာင်း နယ်စပ်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
Starlink စတားလင့်ဂြိုလ်တုအင်တာနက်စက်များ အပိတ်ခံရသည့်နေရာများသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ အခြေ စိုက်ရာ နေရာအများစုဖြစ်နေသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့) ည ၁၀ နာရီဝန်းကျင်မှစတင်၍ မြဝတီအနီးတစ်ဝိုက်ရှိ Starlink စက်အချို့ကို SpaceX ကုမ္ပဏီက Email ပေးပို့၍ ချက်ချင်းပိတ်ချခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပိတ်သိမ်းခံရမှုကို “User Disabled” ဟု ခေါ်ဆိုပြီး လက်ရှိအချိန်အထိ ယင်းစက်များကို ပြန်လည်ပြင်ဆင်၍ မရနိုင်သေးကြောင်း သိရသည်။
မြဝတီမြို့အနီးတစ်ဝိုက်ကို အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် လူလိမ်ဂိုဏ်းများ အခြေစိုက်ရာနေရာအဖြစ် သတ်မှတ်ထားသောကြောင့် Starlink ဘက်မှ ယခုကဲ့သို့ နေရာကွက်၍ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ပိတ်သိမ်းရာတွင် ကျားဖြန့်လုပ်ငန်းများသာမက အဆိုပါဒေသအတွင်းရှိ အများပြည်သူအသုံးပြုနေသည့် စက်အချို့ပါ ရောနှော၍ အပိတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း Starlink စက်အလုံးရေ ၂,၅၀၀ ကျော်ကို တရား ဝင်ပိတ်သိမ်းခဲ့ဖူးသည့် သာဓကရှိခဲ့သည်။
Starlink စတားလင့်သုံးစွဲနေသော စက်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ Email ထဲတွင် Starlink မှ ပေးပို့သော စာများ ဝင်ရောက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်လိုအပ်ပြီး “User Disabled” ပြသနေပါက အပြီး သတ်ပိတ်သိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်လည်း စတားလင့်ဂြိုလ်တုအင်တာနက်ကိုသာ အားကိုးနေရပြီး ယင်းစက်များကို ပိတ်ချလိုက်သည့်အတွက် ပြည်သူအများစု ဒုက္ခရောက်နေရကြောင်း သိရှိရသည်။
“ဘုရားသုံးဆူ တစ်မြို့လုံးကို အင်တာနက်ပေးထားတဲ့ သိမ်းငှက်၊ SM တို့၊ ပါဝါနက်တို့ အကုန်လုံးပါတယ်။ DKBA ဗိုလ်အေဝမ်းရဲ့ ကျားဖြန့် စတားလင့်အင်တာနက်တွေလည်း အကုန်ပိတ်တယ်။ ကျားဖြန့်တော်တော်များများကလည်း အဲဒီစက်တွေသုံးတယ်။ ရိုးရိုးသုံးနေတဲ့ ပြည်သူတွေလည်း ထိတယ်။ အဖွဲ့အစည်းတွေက တရုတ်တွေကို ခေါ်သွင်းလာပြီးတော့ တကယ်ထိတော့ ပြည်သူတွေက အင်တာနက်သုံးမရဘူး” ဟု ဘုရားသုံးဆူမြို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် ကရင်နီဘက်အခြမ်းတွင်လည်း စတားလင့်အင်တာနက် အလုံး ၁၀၀ ဝန်းကျင် အပိတ်ခံရကြောင်း ကရင်နီဒေသမှ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယခုတစ်ကြိမ်တွင် စက်အလုံးရေ မည်မျှအထိ ပိတ်သိမ်းခဲ့သည်ကို SpaceX ဘက်မှ တရား ဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
ဓာတ်ပုံ- ထိုင်း-မြန်မာနယ်စပ်၊ ကျားဖြန့် ဝင်းများတွင် Starlink အင်တာနက်စက်များ တပ်ဆင်အသုံးပြုနေစဉ်။
Photo- AFP ။




