30.9 C
Yangon

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦး ဖမ်းဆီးခံရပြီး ကလေးငယ် ၃ ဦးပါဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၄

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်းခရိုင်ရှိ ငှားရမ်းထားသော အိမ်တစ်လုံးအတွင်း ပုန်းအောင်းနေသည့် တရားမဝင် အထောက် အထားမဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၆၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် မောင်ခရိုင် (Mueang District)၊ မယ်တမ် (Mae Tam) ရပ်ကွက်တွင် အဆိုပါ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခင်က ဖမ်းဆီးရမိထားသော တရားခံများ၏ ထွက်ဆိုချက်မှတစ်ဆင့် ပိုမိုကြီးမားသော လူမှောင်ခိုကွန်ရက်ကို ခြေရာခံမိရာမှ ယခုကဲ့သို့ စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော တရားမဝင် မြန်မာနိုင်ငံသား ၆၃ ဦးတွင် အမျိုးသား ၃၃ ဦးနှင့် အမျိုးသား ၃၀ ဦး ပါဝင်ပြီး ၎င်းတို့သည် ပအိုဝ်း၊ ရှမ်းနှင့် ကရင် အစရှိသည့် တိုင်းရင်းသားမျိုးနွယ်စုများ ဖြစ်ကြသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ကနဦးမေးမြန်းစုံစမ်းချက်များအရ ၎င်းတို့သည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ “ဆမ်” (Sam) နှင့် “ပမ်း” (Palm) ဟု လူသိများသော ပွဲစားများက ကူညီခဲ့ကြပြီး၊ ဗန်ကားများနှင့် ကားငယ်များကို အသုံးပြုကာ အဆင့်ဆင့် သယ်ယူခဲ့ကြသည်။

၎င်းတို့ကို ဖယောင်းရှိ အဆိုပါအိမ်တွင် ခေတ္တထိန်းသိမ်းထားပြီး ဘန်ကောက်နှင့် ဖိစတုလောခရိုင် (Phitsanulok) ရှိ ရထားလမ်းအနီးရှိ နေရာများသို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

ရွှေ့ပြောင်းလုပ်သားများ၏ ပြောကြားချက်အရ ၎င်းတို့သည် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၈,၅၀၀ မှ ၁၀,၀၀၀ အထိ ပေးခဲ့ရကြောင်း၊ အချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များ (Border Pass) ကိုင်ဆောင်ထားသော်လည်း ထိုင်းဥပဒေအရ တရားဝင် ဝင်ရောက်နေထိုင်ခွင့် ပါမစ်များ မရှိကြကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအားလုံးကို တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက် ဖယောင်းရဲစခန်းက ကိုင်တွယ်နေကြောင်း သိရှိရသည်။

ဖမ်းဆီးခံရထားသော ကလေးငယ် ၃ ဦးကိုမူ ကလေးနှင့် မိသားစုစောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ကာ လူကုန်ကူးခံရခြင်း ရှိ၊ မရှိ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article