30 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ပြောဆိုသော်လည်း သားဖြစ်သူက မိခင်၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေရဟု ထုတ်ဖော်ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၂၅

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုသော်လည်း သားဖြစ်သူ ကိုထိန်လင်း မိခင်၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ဖမ်းဆီးထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းနှင့် ၎င်းအတွက် ကောင်းမွန်သော အစီအစဉ်များကို စဉ်းစားပေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံသို့ ဧပြီလ ၂၂ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ် (Kim Aris) ကမူ မိခင်ဖြစ်သူ အသက်ရှိသေးလားဆိုသည်ကိုပင် စိုးရိမ်နေရကြောင်း နိုင်ငံတကာ သတင်းဌာနများမှတစ်ဆင့် ထုတ် ဖော်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုကင်အဲရစ်က “Proof of Life”-သက်ရှိထင်ရှားရှိကြောင်း သက် သေပြရေး လှုပ်ရှားမှုကို အာဆီယံနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် စတင်လျက်ရှိသည်။

“ကျွန်တော့်အမေရဲ့ အခြေအနေ ဒါမှမဟုတ် ဘယ်မှာရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီး အခုထိ ဘာသတင်းမှ မရသေးပါဘူး။ စစ်အာဏာပိုင်တွေဘက်က ဆက်ပြီး နှုတ်ဆိတ်နေတာကြောင့် အမေ အသက်ရှိသေးရဲ့လားဆိုတာကို ကျွန်တော် တကယ်ပဲ စိုးရိမ်မိပါတယ်”ဟု ကိုထိန်လင်း (ခ) ကင်အဲရစ်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသော အခန်းကဏ္ဍမှ ရှိနေသဖြင့် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် တောင်းဆိုခြင်းမှာ လူသားတစ်ယောက်၏ အခြေခံအကျဆုံး ဂုဏ်သိက္ခာအတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်က ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် ၂၇ နှစ်အနက် လေးနှစ်ခွဲခန့်ကို လျှော့ပေါ့ပေးခဲ့သော်လည်း အတူတကွ ဖမ်းဆီးခံခဲ့ရသည့် သမ္မတ ဦးဝင်းမြင့် လွှတ်ပေးခဲ့သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်သည်။

လွတ်မြောက်လာသည့် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်ကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိရကြောင်း ဝန်ခံခဲ့ခြင်းကြောင့် ၎င်း၏ အခြေအနေအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာစေခဲ့ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article