30.5 C
Yangon

တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ခလဗျားရွာကို မီးရှို့ဖျက်ဆီး၊ နတ်တလင်းတွင်လည်း စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ခေါ်၍ ဖမ်းဆီး ငွေညှစ်နေ

Must read

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ခလဗျားရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် တောင်သာမြို့နယ်၊ မဲတောမှ ထွက်လာသော စစ်တပ် စစ်ကြောင်းသည် ခလဗျားရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာနေပြည်သူများ အားလုံးဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးစစ်ကြောင်းက ခလဗျားရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့နေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းရွာတောရိုး၊ သံချေးကုန်းရွာ၊ ရုံးစည်ကြီးရွာနှင့် သံဘိုရွာရှိ နေအိမ်များကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြီး ဧပြီလ ၂၈ ရက်နေ့အထိ ဆက်တိုက် ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ထောင်နှင့်ချီသောပြည်သူများလည်း စစ်တပ် စစ်ကြောင်းကြောင့် တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ခိုင်းပြီး ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလပိုင်းမှ စတင်၍ နတ်တလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးမီးရှို့ခြင်းများကြောင့် ရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိမ်းရှောင်နေသော ပြည်သူများကို စစ်တပ်က ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး နေရပ်သို့ ပြန်လည် နေထိုင်ရန် ခေါ်ဆောင်ခဲ့ခြင်းကြောင့် ပြည်သူတချို့ နေရပ်ပြန်လာစဉ် စစ်သားများက စစ်မှုထမ်းကြေးဟုဆိုကာ ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းနှင့် ဗုံးခိုကျင်းရှိသော နေအိမ်များကို ငွေကျပ် ၃ သိန်း ကောက်ခံခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို့ တောင်းခံသည့် ငွေကြေးမပေးနိုင်သူများကို ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာတွေကို ဗုံးကျဲပြီး မီးလိုက်ရှို့နေတော့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ အခုအဲလိုတိမ်းရှောင်နေရတဲ့ သူတွေကို ပြန်ခေါ်ပြီး အေးအေးဆေးဆေးနေလို့ရပြီဆိုလို့ ပြန်ဝင်တဲ့သူတွေကို ငွေညှစ်တာတွေ လုပ်နေတာ မပေးရင်လည်း ဖမ်းဆီးမယ်ဆိုလို့ အခု အကုန် ဒုက္ခရောက်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧပြီလ ၈ ရက်နေ့တွင် ကျွန်းလေးပင်ရွာမှ နေအိမ် ၂၅ လုံး၊ ဧပြီလ ၉ ရက်နေ့တွင် ကျောက်ခွက်ရွာမှ နေအိမ် ၃၀ ကျော်၊ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ် ၂၀၀ ကျော်တို့ မီးလောင်ပြာကျခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့တွင်လည်း မကျီးပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း နေ့စဉ် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article