ရန်ကုန်၊ မေ ၂
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ကိုရင်း ၁ ပါးအပါအဝင် ပြည်သူ ၉ ဦးကိုလည်း ဖမ်းဆီးထားပြီး ကျေးရွာ ၅ ခုကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ညီနောင် – စလင်းအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီခန့်တွင် စလင်းမြို့နယ်၊ မြင်းခေါင်းကျေးရွာနှင့် တောင်တွင်းကျေးရွာတို့တွင် အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကြောင်း ၂ ခုသည် မေလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောတွင်းကျေးရွာမှ စစ်ကြောင်းသည် မြောင်းဘောင်လမ်းအတိုင်း မန်ကျည်းကုန်းကျေးရွာလည်းကောင်း ၊ မြင်းခေါင်းရွာမှစစ်ကြောင်းသည် ထနောင်းကုန်းကျေးရွာသို့ လည်းကောင်း မီးလောင်ဗုံးများ ပစ်ခတ်၍ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းသည် မြင်းခေါင်းကျေးရွာ၏ အရှေ့ဘက်ရှိ တောကျောင်းမှ ကိုရင်လေး တစ်ပါးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထို့ပြင် ထနောင်းကုန်းကျေးရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးပြီး ကျေးရွာနေပြည်သူ ဦးမောင်ဦးနှင့် အဖွားအိုတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကံဆွယ်ကျေးရွာကို ဝင်ရောက် မီးရှို့ပြီး ဦးမောင်ဦးကို လည်လှီးသတ်ဖြတ်ကာ အဖွားအိုကိုလည်း နေအိမ်အတွင်းထည့်၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသော စစ်တပ် စစ်ကြောင်းသည်လည်း မန်ကျည်းကုန်းကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ထနောင်းကုန်းကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုး၍ စစ်ကြောင်း ၂ ခု ပြန်လည် စုဖွဲ့ခဲ့ကြောင်း၊ ထို့နောက် ကံဆွယ်ကျေးရွာ၊ သဲဖို့ကုန်းကျေးရွာနှင့် ကြူဝန်းကျေးရွာတို့မှ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးသည့် အပြင် ပြည်သူပိုင် ရတနာရွှေ၊ ငွေ များ ကြက်၊ ဘဲများကိုပါ ခိုးယူသွားကြောင်း သိရှိရသည်။
ထို့ပြင် ဓားစာခံအဖြစ် ဖမ်းဆီးလာသော ပြည်သူ ၉ ဦးကိုလည်း စစ်ကြောင်းရှေ့ဆုံးမှ သွားခိုင်းပြီး ဒဏ်ရာရ စစ်သားများကိုလည်း ဓားစာခံ ပြည်သူများအား ထမ်းသယ်ခိုင်းကာ မြင်းခေါင်းကျေးရွာနှင့် ရွှေဘုံသာကျေးရွာအကြား၌ အင်အား ၃၀ ခန့်ဖြင့် လက်နက်ကြီးအထိုင်ချ တပ်စွဲ၍ ကျန်ရှိနေသော စစ်သားများသည် စလင်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
လက်ရှိအချိန်အထိ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ကိုရင်လေးတစ်ပါးနှင့် ပြည်သူ ၉ ဦးမှာ ပျောက်ဆုံး နေပြီး စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ပြည်သူထောင်နှင့်ချီကာ ဘေးလွတ် ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ညီနောင် – စလင်းအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။




