30.5 C
Yangon

မြနမာနိုင်ငံတွင် “အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးမူဝါဒ” ကို ထိထိရောက်ရောက် အကောင်အထည်ဖော်မည်ဟု NUG ခေါင်းဆောင်များ ကတိပြု

Must read

ရန်ကုန်၊ မေ ၂

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလုပ်သမားများ၏ အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်သော “အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးမူဝါဒ” ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလနှင့်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ပြောဆိုလိုက်သည်။

ယမန်နေ့ ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် မိန့်ခွန်းများတွင် ၎င်းတို့ ၂ ဦးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ကြခြင်းဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ အလုပ်သမားထုအား အလေးဂရုပြုသောအားဖြင့် မူဝါဒအသစ်အား အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရဟာ ‘အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးမူဝါဒ’ ကို ထိထိရောက်ရောက် အကောင် အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”ဟု ယာယီသမ္မတက ပြောဆိုသည်။

ထို့အပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေခြင်းသည် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများအား နက်နက်ရှိုင်းရှိုင်း ချိုးဖောက်ခံရစေသည့် အရင်းအမြစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ထောက်ပြခဲ့သည်။

“စစ်အာဏာရှင်စနစ် သက်ဆိုးရှည်လေလေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေဟာ ပုံစံတစ်မျိုးမျိုးနဲ့ နက်နက်ရှိုင်းရှိုင်း ချိုးဖောက်ခံနေရမှာဖြစ်တယ် ဆိုတာနဲ့ အဲဒီချိုးဖောက်ခံရမှုတွေကို စနစ်အရလည်း တော်လှန်နိုင်ရမှာဖြစ်သလို၊ ရုပ်ပိုင်းဆိုင်ရာအရလည်း တော်လှန်ဖြိုဖျက်နိုင်ရမှာ ဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ယင်းအပြင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မေဒေးစိတ်ဓာတ်သည် မတရားမှုကို တော်လှန်ခြင်းဖြစ်ကြောင်း၊ လက်ရှိနွေဦးတော်လှန်ရေးသည် အလုပ်သမားအခွင့်အရေးအတွက် ရုန်းကန်မှုနှင့် ခွဲခြား၍မရကြောင်း ထုတ်ဖော်ပြောဆိုသည်။

“မေဒေးစိတ်ဓာတ်က အလုပ်သမားများရဲ့ ညီညွတ်မှု၊ တာဝန်ယူမှုနဲ့ မတရားမှုအပေါ် တော်လှန်မှု ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ အလုပ်သမားအခွင့်အရေးအတွက် ရုန်းကန်မှုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်မှုနဲ့ မခွဲမခွာ ဆက်နွယ်လျက်ရှိပါတယ်။”ဟု သူက ဆိုသည်။

ဝန်ကြီးချုပ်က ဆက်လက်၍ အကြမ်းဖက်စစ်တပ်အား နိုင်ငံရေးမှ ဖယ်ရှားနိုင်ရေးသည် အလုပ်သမားထု၏ ဒုက္ခများအား အဆုံးသတ်ရန် အရေးကြီးဆုံးအချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူနဲ့ အလုပ်သမားထု ခံစားနေရတဲ့ ဒုက္ခအပေါင်းကို အဆုံးသတ်ရန်နဲ့ နောင်မျိုးဆက်အတွက် ရေရှည်ငြိမ်းချမ်းတည်ငြိမ် တိုးတက်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် အရေး ကြီးဆုံးအလုပ်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးက ဖယ်ရှားနိုင်ရေး၊ တစ်နည်းအားဖြင့် တော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

နိုင်ငံတကာသို့ တိုက်တွန်းချက်

NUG ခေါင်းဆောင်များက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်ရန်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် အကြမ်းဖက်စစ်တပ်ကို Article 33 အရ အရေးယူထားသည့် ယန္တရားများအား ထိရောက်စွာ အသုံးပြုပေးရန် အလေးအနက် တောင်းဆိုခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့်အတူ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိပြု ပြောကြားထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article