29.4 C
Yangon

ရန်ကုန်တွင် မင်းအောင်လှိုင်ရောက်ရှိနေ၍ လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ “ငါတို့သမ္မတ ဦးဝင်းမြင့်” ဘန်နာချိတ်ဆွဲကာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား

Must read

ရန်ကုန်၊ မေ ၃

မိမိကိုယ်မိမိ သမ္မတအဖြစ် တင်မြှောက်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး လုံခြုံရေးများ အထူးတင်းကျပ်ထားသည့်ကြားမှ “ငါတို့သမ္မတ ဦးဝင်းမြင့်ဖြစ်သည်” ဘန်နာချိတ်ဆွဲသည့် လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်အခြေစိုက်တော်လှန် ညီနောင် ၄ ဖွဲ့ က ပြုလုပ်ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထ့သို့ ပြောဆိုသည်။

ယမန်နေ့ ရန်ကုန်မြို့ပေါ်တွင် “ငါတို့သမ္မတ ဦးဝင်းမြင့်” (Our President is U Win Myint) ဘန်နာနှင့်အတူ ပြည်သူ့သမ္မတကြီးနှင့် လူထုခေါင်းဆောင်တို့ ဘေးကင်းကျန်းမာစေကြောင်း ဆုတောင်းစာလွှာများကို အန်တုချိတ်ဆွဲကာ လူထုခေါင်းဆောင်များအပေါ် ထားရှိသည့် ပြည်သူတို့၏ ယုံကြည်ချက်ကို ပြသခဲ့ခြင်းဖြစ်သည်။

အာဏာရှင်၏ လုံခြုံရေးအစီအမံများကို အန်တုကာ ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုမှာ တော်လှန်ရေးခရီးကြမ်းအတွင်း ကြုံတွေ့ရသည့် အခက်အခဲမှန်သမျှကို သမ္မတကြီးနှင့်အတူ အတူတကွ ရင်ဆိုင်ကျော်ဖြတ်နေကြောင်း၊ မည်သို့သော အခြေအနေမျိုးတွင်မဆို ခေါင်းဆောင်များအပေါ် ထားရှိသည့် ယုံကြည်ချက်မှာ အစဉ်ခိုင်မြဲနေမည်ဖြစ်မည်ဟု ပြသခြင်းဖြစ်ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ပြောဆိုသည်။

လတ်တလော ထွက်ပေါ်လာသော ခေါင်းဆောင်များ၏ ကျန်းမာရေးသတင်းနှင့် ပြန်လည်တွေ့ဆုံမှုများသည် ရန်ကုန်ရှိ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် အားသစ်လောင်းသည့် မျှော်လင့်ချက်ဖြစ်စေသည်ဟု ဆိုသည်။

ယမန်နေ့ ရန်ကုန်မြို့တွင် ဘန်နာချိတ်ဆွဲသော လှုပ်ရှားမှုအတွင်း “သမ္မတကြီး ကျန်းမာပါစေ… နှလုံးသားနဲ့ ကြိုဆိုပါတယ်!” ဟူသော စာသားများဖြင့် ခေါင်းဆောင်များကို လေးစားစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD)၊ Linn Yaung Ni Youth Organization (LYNYO)၊ Mayangone Democratic Front (MDF) နှင့် Owl Community တို့ ပါဝင်သော ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ခေါင်းဆောင်များနှင့်အတူ အာဏာရှင်စနစ် အဆုံးသတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article