ရန်ကုန်၊ မေ ၃
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း KNU-ဗဟိုက သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပိန်းဇလုပ်နှင့် သူဌေးကုန်းအကြား မီးရထားလမ်း ၁၄၇ တံတား၌ တပ်စွဲထားသော အာဏာ သိမ်းစစ်ကောင်စီတပ်၏ ဂိတ်စခန်းကို (K.N.L.A) တပ်ရင်း ၉ မှ အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင် စီဘက်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၃ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည့်အပြင် ဂိတ်စခန်းအတွင်းရှိ တဲ ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် KNLA တပ်ဖွဲ့ဝင်များအနေဖြင့် သေနတ် ၅ လက်နှင့် ခဲယမ်းအချို့ကို သိမ်း ဆည်းရမိခဲ့ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေးနှင့် စစ်ရေးအရ အစဉ် တစိုက် တွန်းလှန်လျက်ရှိပြီး ပြည်သူလူထု လိုလားတောင်းတနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ပေါ်ပေါက်လာရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး (LDF) အဖွဲ့ထံမှ သိရှိရသည်။
ဧပြီလ ၂၁ ရက်နေ့တွင် ဆိပ်ဖြူ ကပစ ၂၂ မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ချောင်းဆုံးလမ်းခွဲအနီးအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဆိပ်ဖြူ ကပစ ၂၂ ကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းကို ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ စစ်ကြောင်းမှူး တစ်ကောင် သေတယ်လို့ သိရတယ်။ နောက်ထပ် ၃ ကောင်ကတော့ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာတွေရသွားတယ်လို့ အတည်ပြုနိုင်ပါတယ်။ ကျွန် တော်တို့ ရဲဘော်တွေအားလုံးကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး (LDF) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ စစ်ဆင်ရေးကို ဆိပ်ဖြူမြို့နယ် တကိုယ်တော်ကျားဇိုးအဖွဲ့၊ ပေါက်မြို့နယ်တောင်ပိုင်း ဗိုလ်နားပေါက်အဖွဲ့နှင့် ပေါက်မြို့နယ် ပကဖ အဖွဲ့တို့က မဟာမိတ်များအဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။






