ရန်ကုန်၊ မေ ၃
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးများတင်ဆောင်လာသည့် ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ လူ ၁၆ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာနှင့် လွင်သာယာ ကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးများတင်ဆောင်မောင်းနှင်လာသည့် ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၃၈ ဦးအနက် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၆ ဦးမှာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၁ ဦးမှာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရသည်။
“လမ်းမကောင်းတာရယ်၊ ကားကလည်း ကုန်နဲ့ လူတွေ အပြည့်တင်လာတာ။ ကုန်ဆိုတာလည်း ဝါးတွေ ဖြစ်တော့ ပိုဆိုးကုန်တာ။ လမ်းပေါ်ကနေ ချောက်ထဲကိုကားက ထိုးကျသွားတာ။ ကားမှောက်တော့ ဝါးအစည်းတွေ ပြေပြီး ကားနဲ့ ဝါးတွေ ပိလို့ သေသူက သေကြတယ်။ လိုက်ပါလာသူတွေက စျေးတက်ဝယ်သူတွေများတယ်။ ရွာတွေကနေ ကားကြုံလိုက်လာကြတာ” ဟု အခင်းဖြစ်စဉ်ကို သိရှိထားသူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် သေဆုံးသူများကို သက်ဆိုင်ရာ မိသားစုများက နာရေး သဂြိုလ်မှုများ ယနေ့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။






