ရန်ကုန်၊ မေ ၅
စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ မော်လူးမြို့ကို အကြမ်းဖက် စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်နေ၍ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၄ ရက်နေ့မှ စတင်ပြီး အင်းတော်မြို့ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ရေးအရ အရေးပါသော ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ မော်လူးမြို့ကို အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ယနေ့ မေလ ၅ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေပြီး လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် အင်းတော်မြို့ အနီးရှိ စီပိန်းရွာနားကို ရောက်ရှိနေကာ မော်လူးမြို့အဝင်အထွက်ကိုလည်း ပိတ်ထားကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေကြောင်း သိရှိရသည်။
“မော်လူးက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းမှာရှိတော့ အဲလမ်းကနေ ကချင်ဘက်ကို ကုန်းလမ်းနဲ့ ရိက္ခာတွေ စစ်အင်အားတွေ ပို့လို့ရတော့ စစ်ရေးအရ အရေးပါတဲ့ မြို့လို့ ပြောလို့ရတယ်။ အင်းတော်ဘက်က စစ်ခွေးတွေက ထိုးစစ်ဆင်လာလို့ တိုက်ပွဲက မနေ့ကတည်းက ပြင်းထန်နေတာ အခုမနက်မှာ စစ်ခွေးစစ်ကြောင်းက မော်လူးနားက စီပိန်းရွာနားကို ရောက်နေပြီလို့ ပြောတယ်။ တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတုန်းပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းတော်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် မော်လူးမြို့ကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်က ထိခိုက်သေဆုံးမှုများပြားသော်လည်း စစ်မှုထမ်း တပ်သား အများအပြားကို အင်အားဖြည့်တင်းကာ ရှေ့ဆုံးမှထား၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။




