ရန်ကုန်၊ မေ ၅
ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးနေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး ဒု-တပ်ရင်းမှူး အောင်ဇော်မိုး အပါအဝင် စစ်သား ၂၀ ကျော်ကို အရှင်ဖမ်းမိကာ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိပြီး စက်တပ် လေထီး ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလအတွင်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ လက်ယက်စခန်း နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ စခန်းသိမ်းတိုက်ပွဲများပြီးဆုံးပြီးနောက် တော်လှန်ရေးတပ်က နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် စစ်ဘေးရှောင်ဒေသခံ ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းသိမ်းတိုက်ပွဲအပြီး ထွက်ပြေးသွားသော စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထွက်ပြေးသွားသော စစ်သားများထံမှ MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၀) လက်၊ 81mm သီး (၅၁) လုံး နှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်စစ်တပ်၏ လေးကေစခန်းမှ ဒု-တပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားသော စစ်သုံ့ပန်းများအား အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် လေးကေစခန်းနှင့် ဝင်းတာပန်စခန်း မကျဆုံးရေးအတွက် တပ်မ ၄၄ လက်အောက်ခံ၊ ခလရ-၈ နှင့် ခမရ ၂ မှ စစ်သားများ ပူးပေါင်းထားသော အင်အား ၂၀၀ ခန့်ဖြင့် ပိန္နဲတောဗျူဟာစခန်းမှ စစ်ကြောင်းထိုးလာခဲ့၍ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦး ခန့်ရှိပြီး လက်နက်မျိုးစုံ (၂၂) လက်၊ Drone Gun တစ်လက် နှင့် ကျည်ခဲယမ်းများသိမ်းဆည်းရမိခဲ့ပြီး ကြားဖြတ်တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၆ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကာ အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ဝင်းတာပန်၊ ကျောက်ဖျာကျေးရွာများကို နေ့စဥ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်လျှက်ရှိပြီး ဝင်းတာပန်ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေးတပ်များက ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်နေသော အကြမ်းဖက်စစ်တပ်၏ စက်တပ်လေထီး (paramotor) ၁ စီးသည် ခမရ-၃ တပ်ရင်းနှင့် ၃ မိုင်အကွာတွင် ပျက်ကျခဲ့ကြောင်း၊ မေလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ Air Drop မှ 122 mm ဗုံး ၁ လုံးနှင့် ၅.၅၆ ကျည် ၁၈၀၀၀ တောင့်တို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“အထူးတိုင်းစစ်ဌာနအနေနဲ့ ဒီ၂၀၂၆ ကာလအတွင်း တပ်တွေကိုစုစည်းပြီး ရည်မှန်းချက်ရောက်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောဆိုသည်။
ထိုတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့ (LDFs) များနှင့်ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။






