30 C
Yangon

ဝက်လက်ရှိ စခန်းသာရွာအနီးကို စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး၊ ဖလမ်းတွင်လည်း စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စခန်းသာရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၆ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ စခန်းသာရွာ အနီးတဝိုက်ကို တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁ ဦးရှိကြောင်း သိရသည်။

“စခန်းသာရွာ အနီးကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့တာ နေအိမ် ၂ လုံးပျက်စီးပြီး ပြည်သူ ၃ ဦးပွဲချင်းပြီးသေဆုံးတယ်။ ၁ ဦး ထိခိုက် ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ပြီး ဒရုန်းများဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့တွင် ဖလမ်း-ဟားခါး လမ်းပိုင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တာလ်ရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အနီးအနားရှိ ကျေးရွာများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း Laikua ရွာ နှင့် Tlangzar ရွာ အကြားကို စစ်တပ် စစ်ကြောင်းက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖလမ်း-ဟားခါးလမ်းပိုင်းရှိ တလန်ရောန်ကျေးရွာသစ်တွင် တပ်စွဲထားပြီး မေလ ၁ ရက်နေ့တွင် တလန်ရောန်ကျေးရွာဟောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသအတွင်းရှိ ခေါပွီးချိပ် (Khawpuichhip) ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၅ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ကလေးငယ် ၆ ဦးအထိ ပါဝင်နေကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၉ နှစ်အရွယ် Pu Lalnunfela နှင့် ၎င်း၏ သားငယ် ၃ ဦးဖြစ်သော Malsawmmawia (၅ နှစ်)၊ Lalhuapzaua (၄ နှစ်)၊ Lalrinzuala (၅ လသား) တို့ အပါအဝင် အခြားကလေးငယ် ၃ ဦးဖြစ်သည့် Jedidia Lalduhsaka (၃ နှစ်)၊ Lalrinnunga (၁၀ နှစ်) နှင့် Lalhriatkima (၅ နှစ်) တို့သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article