ရန်ကုန်၊ မေ ၇
တနင်္သာရီတိုင်းတွင် ခမရ ၅၆၁ မှ တပ်သား ၂ ဦးက လက်နက်နှင့်အတူ တနင်္သာ ရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် PDF တပ်ရင်း ၂ နှင့် တပ်ရင်း ၃ ထံသို့အလင်းဝင်ရောက်လာကြောင်း မြိတ်ခရိုင် PDF တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် တနင်္သာရီမြို့နယ်၊ ညောင် ပင်ကွင်းအနောက်ကမ်းရွာအခြေစိုက် ခမရ ၅၆၁ မှ တပ်ကြပ်ကြီး မင်းမင်းစိုး (အသက် ၄၆ နှစ်) နှင့် တပ်သား ကျော်မင်းသူ ( အသက် ၃၄ နှစ်) တို့က တော်လှန်ရေးအင်အားစုများထံသို့ ချိတ်ဆက်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-11 ၁ လက်၊ MA-1 ၁ လက်၊ ကျည်ဘောက် ၇ ခုနှင့် ၅.၅၆ ကျည် ၂၄၄ တောင့်တို့ကိုပါ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ခမရ ၅၆၁ မှ အရာရှိနှင့် ရဲဘော် ၂၀ ကျော်ခန့်က PDF တပ်ရင်းများထံ သို့ အဆက်မပြတ် အလင်းဝင်ရောက်ခဲ့ပြီး အလင်း ဝင်သူများ၏ပြောဆိုချက်အရ အကြမ်းဖက်စစ်ကော်မရှင်၏ ပြည်သူ လူထုအပေါ် မတရားဖမ်းဆီးသတ်ဖြတ်မှုများ၊ အောက်ခြေရဲဘော်များအပေါ် ခွဲခြားဖိနှိပ်အနိုင်ကျင့်ခြင်းများရှိနေ၍ PDF တပ်ရင်းများထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းအလင်းဝင်သူများက ပြောဆိုကြသည်။
“အခု အလင်းဝင်လာတဲ့ ရဲဘော်တွေရဲ့ ပြောပြချက်အရ စစ်တပ်အတွင်းမှာ အထက်အရာရှိတွေက အောက်ခြေရဲဘော်တွေအပေါ် ခွဲခြားဖိနှိပ်တာ၊ အနိုင် ကျင့်တာတွေ တော်တော်လေး ဆိုးဆိုးရွားရွား ရှိနေတယ်လို့ သိရပါတယ်။ ပြီးတော့ စစ်ကောင်စီက ပြည်သူလူထုအပေါ် မတရားဖမ်းဆီး သတ်ဖြတ်နေတာတွေကို ဆက်ပြီး မလုပ်ချင်ကြတော့တာကြောင့် ကျွန်တော်တို့ PDF တပ်ရင်းတွေဆီကို လာရောက်ပူးပေါင်းတာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် PDF တပ်ရင်း ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။
တစ်ဖက်တွင်လည်း အလင်းဝင်သူများရှိနေသကဲ့သို့ တိုက်ပွဲများတွင်လည်း စစ်တပ်ဘက်မှ သေဆုံးမှုများ များပြားလျက်ရှိရာ ဧပြီလ ၂၉ ရက်နေ့ကလည်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အဆိုပါတပ်ရင်းမှ အရာခံဗိုလ် ချစ်ဆန်းဦး သေဆုံးကာ တပ်ကြပ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
CDM စစ်သားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ပန်းတိုင်အဖွဲ့၏ အချက် အလက် များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလ စတုတ္ထပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၀၆၈ ဦးထိရှိနေပြီဖြစ်ကြောင်း သိရှိရသည်။







