29.9 C
Yangon

ရွှေကူနှင့် ဖားကန့် မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ်က လူနေရပ်ကွက်များကို တိုက်ခိုက်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၇

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလပိုင်းမှ စတင်ပြီး မဘိမ်းမြို့နယ်၊ ငါးအိုးရွာဘက်မှ အင်အား ၁၀၀၀ ကျော်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေကူမြို့နယ် အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် KIA ပူးပေါင်း တပ်များနှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ တိုက်ပွဲများသည် ငါးအိုးရွာနှင့် ရွှေကူမြို့အကြားတွင် ဖြစ်ပွားနေဆဲဖြစ်ပြီး KIA ပူးပေါင်း တပ်က ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသော်လည်း စစ်အင်အား အကြိမ်ကြိမ် ဖြည့်တင်းကာ စစ်ကြောင်းထိုးနေ၍ မေလ ၅ ရက်နေ့က ထိတွေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ငါးအိုးဘက်က စစ်ခွေးတွေ ထိုးစစ်ဆင်လာလို့ ငါးအိုးနဲ့ ရွှေကူ အကြားမှာ နေ့တိုင်းကို တိုက်ပွဲပြင်းထန်နေတယ်။ မေလ ၅ ရက်နေ့ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်။ လက်ရှိ စစ်ခွေး စစ်ကြောင်းက အင်အား ၁ ထောင် ကျော်တယ်။ အဲစစ်ခွေးတွေက ရွှေကူရောက်ရင် ဗန်းမော်ဘက်ကိုပါ ဆက်လက်ချီတက်မယ် သိရတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မေလ ၄ ရက်နေ့ကလည်း ရွှေကူ K-PDF က တပ်ရင်း နယ်မြေအတွင်းရှိ ပြည်သူများသည် လတ်တလော အကြမ်းဖက် စစ်တပ်၏ စစ်ရေးလှုပ်ရှားနေမှုများကြောင့် စစ်တပ် စစ်ကြောင်းများ၊ ဂိတ်များ၊ ကာကင်းစခန်းများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုဘဲ ရှောင်ရှားနေထိုင်ကြရန်နှင့် စစ်တပ် စစ်ကြောင်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများကို သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

မဘိမ်း-မြစ်ဆုံ၊ ငါးအိုး-ရွှေကူ နယ်မြေများ၌ ကုန်းမြေ၌ ဖြစ်စေ၊ ရေပြင်၌ဖြစ်စေ အသံကျယ်လောင်ဆူညံစွာ ထွက်ပေါ်နိုင်သည့် စက်ယန္တရား အသုံးပြု လုပ်ငန်းများကို ညနေ ၆ နာရီမှ နံနက် ၉ နာရီထိ ရပ်နားထားကြရန်လည်း အသိပေးပြောဆိုထားပြီး အသိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း ရွှေကူ K-PDF က သတိပေးပြောဆိုထားသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းထိမှန်၍ ကလေးငယ် ၁ ဦးသေဆုံးကာ လက်နက်ကြီးကျည်များလည်း လူနေအိမ်များကို ကျရောက်၍ ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ ည ၇ နာရီခန့်မှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ စတင် ပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ည ၈ နာရီ ခန့်တွင် လုံးခင်း ၄ ရပ်ကွက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲများသည် ယနေ့ မေလ ၇ ရက်နေ့ထိ ဖြစ်ပွားနေပြီး အကြမ်းဖက်က စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ်များကို ထိမှန်ကာ မီးလောင်ပျက်စီးမှုများရှိကြောင်း၊ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း လုံးခင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံရှိ အားမာန်ကုန်မာဆိုင်ရှေ့တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းထိမှန်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲက မနေ့ ညနေပိုင်းက ပြန်စတယ်။ ပြန်စတော့ ဖားကန့် ဗျူဟာကုန်းဘက်က ပစ်တဲ့ လက်နက်ကြီးတွေက လုံးခင်းရပ်ကွက် ၄ ထဲကို ကျပြီးမှ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ခေါင်းနည်းနည်းထိတယ်။ တစ်ယောက်က ခြေထောက်ထိတယ်။ အခုအထိပေါ့ စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးနေတာ ဒီဘက်ကလည်း ပြန်တိုက်နေတာ ပြန်တိုက်နေတဲ့အခါကျတော့ ကြားထဲမှာ ပြည်သူတွေက ကာနေရတဲ့ လူသားဒိုင်လိုမျိုး ဖြစ်နေတာပေါ့။ ဒီကောင်တွေက သေတဲ့အလောင်းတွေလည်း မကောက်ဘူး။ ဒီကောင်တွေ ဘာဖြစ်လို့လဲ မသိဘူး။ စစ်ကောင်စီဘက်ကကောင်တွေက အချင်းချင်းသေတဲ့ အလောင်းတွေကိုတောင် မကောက်ဘူး။ ဒီတိုင်းပဲ ပစ်ထားလိုက်ကြတာ။ ဒါပေမဲ့ နှစ်ဖွဲ့ကြားမှာဆိုတော့ ဘယ်အဖွဲ့မှလည်း မကောက်ရဲသေးဘူးလေ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၅ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ ရုပ်အလောင်းတချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မေလ ၆ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စုအတွင်း KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက် စစ်သား အလောင်း ၃ လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article