ရန်ကုန်၊ မေ ၈
ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ တစ်ခါသုံး ဇွန်းခက်ရင်း ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ ကျော်ကို အလုပ်ရှင်က နစ်နာကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများ နစ်နာကြေးရရှိရန်အတွက် MHAC မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း အဖွဲ့၏ ဦးဆောင်စီစဉ်သူ အေအေစီ ရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် စက်ရုံဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လူမှုကွန်ရက် များမှတစ်ဆင့် “အလုပ်လာစရာမလိုတော့ကြောင်း” ပြောဆိုကာ အလုပ်သမား ၇၀ ကျော်ကို ရုတ်တရက် အလုပ်ဖြုတ်လိုက်ခြင်းဖြစ်သည်။ အလုပ်ထုတ်ခံရသူများတွင် MOU အလုပ် သမားများ၊ ဘတ်သစ်ရိုက်ထားသူများနှင့် လုပ်သက်ရင့် အလုပ်သမားဟောင်းများ ပါဝင်သည်။
အဆိုပါ အလုပ်သမားများသည် လုပ်သက် ၈ လမှ ၁ နှစ်ခန့်အထိ ရှိကြသဖြင့် ဥပဒေအရ ရသင့်ရထိုက်သော နစ်နာကြေးများကို တောင်းဆိုခဲ့သော်လည်း စက်ရုံဘက်က တာဝန်ယူရန် ငြင်းဆန်ခဲ့သည်။ စက်ရုံတာဝန်ရှိသူများက အလုပ်သမားများကို အေဂျင်စီ ၃ ခုမှတစ်ဆင့် ခေါ်ယူထားခြင်းဖြစ်၍ အေဂျင်စီများနှင့်သာ ဖြေရှင်းရန် တုံ့ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အလုပ်သမားများအတွက် နစ်နာကြေးရရှိရန် MHAC က ရှေ့ထွက်ဆောင်ရွက်ပေးနေပြီး အလုပ်ရှင်ဘက်က ညှိနှိုင်းရန် ပျက်ကွက်နေကြောင်း သိရသည်။
MHAC ဦးဆောင်စီစဉ်သူ ကိုရဲမင်းက “မနေ့က ကနဦး ရုံးကိုသွားပြီးတော့ သတင်းပို့တယ် အကြောင်းကြားတယ်။ ဒါပေမယ့် သူတို့ဘက်က မလာဘူး။ အလုပ်သမားတွေကတော့ လုပ်သက်ပြည့်နှစ်ကြီးသမားတွေ ဖြစ်တဲ့အတွက် အလုပ်ကဖြုတ်ပြီဆိုတော့ ထိုက်သင့်တဲ့နစ်နာကြေးကိုယူပဲမယ်။ သူတို့အစီစဉ်နဲ့ အလုပ်သမားတွေကို လုပ်ငန်းတွေ ဟိုပြောင်းဒီပြောင်းဆိုတာကို လက်မခံဘူး။ အဲ့ဒီအတွက် ဒီလာမယ့်ရက်မှာ ထပ်ချိန်းထားတယ်။ အဲ့နေ့မှာမှ ညှိလို့အဆင်မပြေရင် သက်ဆိုင်ရာ သူတို့အလုပ်သွင်းပေးထားတဲ့ အေဂျင်စီတွေကို တရားစွဲသွားမယ်၊ တိုင်ချက်ဖွင့်သွားမှာဖြစ်တယ်”ဟု ပြောဆိုသည်။
အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၇၀ ကျော်အတွက် နစ်နာကြေးရရှိရေးအတွက် လာမည့် တနင်္လာနေ့တွင် သက်ဆိုင်ရာ အေဂျင်စီများနှင့် ထပ်မံညှိနှိုင်းရန် ရက်ချိန်းယူထားသည်။ ယင်းနေ့တွင် ညှိနှိုင်းမှု အဆင်မပြေပါက ဥပဒေကြောင်းအရ တရားစွဲဆိုသည့်အပိုင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




