31.3 C
Yangon

ဖားကန့်မြို့ မှော်စီစာရွာတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး၊ တောင်သာမြို့အနီး ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီစာရွာတွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ မှော်စီစာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှု အတွင်း မှော်စီစာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“မှော်စီစာရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေက သေနတ်နဲ့ လှမ်းပစ်လို့ ဘုန်းကြီးကျောင်းနားမှာရှိနေတဲ့ ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်နှင့် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်၊ မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့ပေါ် အနီးတစ်ဝိုက်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ နံနက် ၁ဝ နာရီ ၄၀ မိနစ်ခန့်တွင် တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က မြို့ အရှေ့ခြမ်းရှိ ကျေးရွာများကို အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းတွေနဲ့ လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article