ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်တောင်ခြမ်းရှိ မဲတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင် ကျောင်းနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ယမန်နေ့ မေလ ၁၁ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ (Jet Fighter) ၁ စီးဖြင့် မဲတောကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဗုံး ၃ လုံး ကျဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေထိုင်သည့် အသက် ၃၀ ကျော်နှင့် ၅၀ အရွယ် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး (စုစုပေါင်း ၄ ဦး) ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဗုံး ၃ လုံးနဲ့ ကျဲသွားတာ။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေက ဘုန်းကြီးကျောင်းအနီးမှာ နေထိုင်တဲ့သူတွေပါ။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးသွားတယ်။ ပြည်သူများအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ဇင်ကြီးကုန်းပေါ်သို့ တံတား ဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် ဘာသာ ရေး၊ ပညာ ရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုနေထိုင်ကြရန် တော်လှန်ရေးတပ်များက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများ နေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




