ရန်ကုန်၊ မေ ၁၂
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင် (Rayong) ရှိ ဆိုလာပြားထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ် သမား ၂၀၀ ကျော်မှာ လုပ်အားခများ ဖြတ်တောက်ခံရခြင်းနှင့် လစာမရဘဲ အလုပ်ရုတ်တရက် နားခိုင်းထားခြင်းတို့ကြောင့် ယနေ့ မေလ ၁၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များထံ သို့ သွားရောက်တိုင်ကြားကြကြောင်း သိရသည်။
အဆိုပါစက်ရုံတွင် လုပ်သက် ၈ လခန့်ရှိပြီဖြစ်သော မြန်မာအလုပ်သမားများသည် ယခင်က အချိန်ပိုကြေး (OT) ကို ပုံမှန်ရရှိခဲ့သော်လည်း ယခုလတွင် စက်ရုံဘက်က တစ်နေ့လျှင် ၁ နာရီခွဲစာခန့် ဖြတ်တောက်ခဲ့သည်။
ထို့ပြင် အလုပ်နားခ (လုပ်အားခ၏ ၇၅ ရာခိုင်နှုန်း) ပေးမည်ဟုဆိုကာ ရက်ပေါင်း ၂၀ ကျော်ကြာ အလုပ်နားခိုင်းထားပြီး လက်တွေ့တွင် လစာပေးအပ်ခြင်းမရှိသဖြင့် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံကာ ရယောင်းခရိုင် အလုပ်သမားကာကွယ်ရေးနှင့် စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်ရုံး) သို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်စီစဉ်သူ အေအေစီ ကိုရဲမင်းက “အဓိက ပုံမှန်အလုပ်ဆင်းတယ်၊ OT ကို နာရီတွေ သတ်မှတ်ထားတာ ဆင်းထားတာကို အပြည့်အဝ မရဘူး။ တစ်နေ့ကို ၁ နာရီခွဲစာလောက် ဖြတ်ခံထားရတယ်။ မြန်မာအလုပ်သမားတွေ အလုပ်နားရတာ ရက်ပေါင်း ၂၀ ကျော်ပြီ။ အဲ့လိုအလုပ်နားထားတဲ့အခါမှာ ၇၅ ရာခိုင်နှုန်းကို ပေးမယ်ဆိုပြီး ပြောထားတာရှိတယ်၊ ဒါပေမဲ့ မပေးဘူး။ အလုပ်သမားတွေရဲ့ လုပ်အားခထဲကနေ ပကန်စန်ခွန် (လူမှုဖူလုံရေး) တွေ ဖြတ်ထားပေမဲ့ အလုပ်သမားတွေ နေမကောင်းလို့ ဆေးရုံသွားရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုနေရတယ်။”ဟု ရှင်းပြသည်။
စက်ရုံသို့ အလုပ်သမားများ ခေါ်ဆောင်ပေးသွင်းနေသည့် တစ်ဆင့်ခံအေဂျင်စီများက အလုပ်သမားများ၏ ကတ်များနှင့် ပတ်စပို့စာအုပ်များကို သိမ်းဆည်းထားမှုများရှိခဲ့သော်လည်း ယနေ့သွားရောက်တိုင်ကြားချိန်တွင် အဆိုပါအထောက်အထားများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များရှေ့မှောက်၌ စက်ရုံ၊ ကြားခံကုမ္ပဏီနှင့် အလုပ်သမားများအကြား ညှိနှိုင်းမှုများ စတင်လုပ် ဆောင် နေပြီဖြစ်သည်။
“ဒီနေ့ကတော့ ပထမအဆင့်အနေနဲ့ ထိုင်းအစိုးရ အလုပ်သမားဌာနမှာ တိုင်ချက်ဖွင့်တာပါ။ အလုပ်ရှင်နဲ့ ကြားခံကုမ္ပဏီဘက်ကလည်း ဖြေရှင်းပေးမယ်လို့တော့ ပြောထားတယ်။ လာမယ့် ကြာသပတေးနေ့ မေလ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်း ထပ်ရှိပါတယ်။ အဲ့ဒီနေ့ ညှိနှိုင်းလို့ အဆင်မပြေရင်တော့ ဥပဒေကြောင်းအရ တရား စွဲဆိုတာတွေ ဆက်လုပ်သွားမယ်။”ဟု အေအေစီ ကိုရဲမင်းက ဆိုသည်။
အဆိုပါ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အပြီးအပိုင် အဖြုတ်ခံရခြင်း ရှိ၊ မရှိကို မေလ ၁၄ ရက်နေ့ ညှိနှိုင်းမှုအပြီးတွင်မှ ရှင်းလင်းစွာ သိရှိရမည်ဖြစ်ပြီး၊ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိပါက ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။






