ရန်ကုန်၊ မေ ၁၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးကာ ပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ကေအဲန်ယူ (KNU) ထံမှ သိရသည်။
မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာသို့ ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသော စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက် နက်ကြီး ၅ လုံးဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းထူးကျေးရွာသူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်။
ချောင်းဦးမြို့နယ်မှ ဒေသပြည်သူတစ်ဦးက “စစ်ခွေး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးတာကတော့ အမျိုးသမီးတစ်ယောက်ပါ။ အသက်အရွယ်ကတော့ အသက် ၇၀ ကျော်ဝန်းကျင်ရှိတယ်လို့ သိရတယ်။ စစ်ခွေး လက်နက်ကြီး ၅ လုံး မြို့ပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးသွားတယ်၊ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဘာမှ ပြန်မရတော့ဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရှမ်းထူးကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း မေလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် စစ်ဘေးရှောင်ကားကို စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။
မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေးကေတောင်ဂူဝ၌ စစ်ဘေးရှောင်ပြည်သူများ စီးနင်းလာသည့် ယာဉ်တစ်စီးကို စစ်တပ်က ရပ်တန့်ခိုင်းပြီးနောက် သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် လေးကေကျေးရွာနေ နော်ဖိုးပီနား (ခ) နော်ဖောအဲ့ (အသက် ၄၆ နှစ်) နှင့် သမီးဖြစ်သူ နော်ပန်းအိဖြူ (အသက် ၁၃ နှစ်) တို့ သေနတ်ထိမှန် သေဆုံးခဲ့သည်။ ထို့အပြင် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လည်း သေနတ်ဒဏ်ရာ ရရှိခဲ့ကြသည်။
ယင်းနောက် စစ်တပ်က အခြားစစ်ဘေးရှောင် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မေလ ၁၀ ရက်နေ့တွင်မှ ယာဉ်မောင်းနှင့် အရပ်သား ၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ထို့အပြင် မေလ ၅ ရက်နှင့် ၆ ရက်နေ့များတွင်လည်း စစ်ကောင်စီက ပါရာမော်တာ လေထီး ၂ စီးဖြင့် ဗုံးသီးများ ကြဲချခြင်း၊ Jet Fighter လေယာဉ် ၂ စင်းဖြင့် ဝင်းတာပန်ကျေးရွာ ဝန်းကျင်ရှိ အရပ်သားများ၏ လုပ်ငန်းခွင်နှင့် စိုက်ပျိုးရေးခြံများအတွင်းသို့ ဗုံးများ ကျဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်





