24.9 C
Yangon

ပေါက်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ထောက်ရှာပင်ရွာကို ရောက်ရှိနေပြီး နေအိမ်များကို ဖောက်ထွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေ

Must read

ရန်ကုန်၊ ဇူလိုင် ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ထောက်ရှာပင်ရွာကို ရောက်ရှိနေပြီး နေအိမ်များကို ဖောက်ထွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်ဇူလိုင်လ ၂ ရက်နေ့တွင် ရေထွက်ကြီးရွာမှ ညောင်ရေတည်းရွာသို့ ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်မြို့နယ် ထောက်ရှာပင်ရွာကို ရောက်ရှိနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာ ၁၆ ခုမှ ပြည်သူ ၁၀၁၇၁ ဦးသည် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များတွင် ယာယီ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများ အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု စစ်ခွေးစစ်ကြောင်းက ထောက်ရှာပင်ရွာကို ရောက်နေပါတယ်။ ဘယ်ကို ဆက်လက် ထွက်ခွာမလဲဆိုတာတော့ မသိရသေးဘူး။ မီးရှို့တာတွေနဲ့ ပြည်သူတွေ ဖမ်းဆီးထားတာတွေတော့ မကြားမိသေးဘူး။ အကုန်လုံးက ကြိုတင်ရှောင်ရှားနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်း စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ် ရေပြာရွာဘက်နှင့် မြိုင်မြို့နယ် အတွင်းကို ထွက်ခွာလာနိုင်သောကြောင့် ဒေသတွင်း ပြည်သူများအနေဖြင့် လေကြောင်းနှင့် မြေပြင်စစ်ကြောင်းရန် အထူးသတိပြုကြပါရန် အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားသည်။

စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးစဉ်ကလည်း သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ် မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြား မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article