ရန်ကုန်၊ ဇူလိုင် ၃
မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်အခြမ်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းစခန်းတစ်ခုတွင် အိန္ဒိယနိုင်ငံသား ၇၀၀ ခန့် ဖမ်းဆီးခိုင်းစေခံနေရကြောင်း ဖမ်းဆီးခံထားရသည့် အိန္ဒိယနိုင်ငံသားတစ်ဦး၏ မိသားစုက ထုတ်ဖော်ပြောဆိုလိုက်ပြီး အိန္ဒိယအစိုးရအနေဖြင့် အမြန်ဆုံး ကယ်ဆယ်ပေးရန် အကူ အညီတောင်းခံထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူမှာ အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ် ဘိဒ် (Beed) ခရိုင်မှ အသက် ၂၄ နှစ်အရွယ် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော်ကတည်းက မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စခန်းတွင် အတင်းအကျပ် ဖမ်းဆီးခိုင်းစေခံနေရကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူသည် မိသားစုနှင့် နေ့စဉ် ဖုန်းဖြင့် ဆက်သွယ်နိုင်သေးပြီး စခန်းအတွင်း အိန္ဒိယနိုင်ငံ သား ၇၀၀ ခန့် ဖမ်းဆီးခံထားရကာ ယင်းတို့အနက် မဟာရပ်ရှ်ထရာပြည်နယ်မှ လူ ၂၀ မှ ၂၅ ဦးခန့် ပါဝင် ကြောင်း ဇနီးဖြစ်သူထံ ပြောကြားထားသည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘိဒ်ခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့်စုံစမ်းစစ်ဆေးနေပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA)၊ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) အပါအဝင် ဗဟိုအစိုးရအဖွဲ့အစည်းများထံ အကူအညီတောင်းခံထားကြောင်း သိရသည်။
ဘိဒ်ခရိုင် ရဲတပ်ဖွဲ့မှူး Navneet Kanvat က ဘိဒ်ဒေသခံ အမျိုးသားအပါအဝင် မြန်မာနိုင်ငံတွင် ပိတ်မိနေသူများ၏ အခြေအနေကို ဗဟိုအစိုးရသို့ အသိပေးထားပြီး ကယ်ဆယ်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။
မဟာရပ်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်း ယခင်နှစ်များအတွင်း မြန်မာ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စခန်းများသို့ အလုပ်အကိုင်အလိမ်အညာဖြင့် ခေါ်ဆောင်ခံရသည့် အိန္ဒိယနိုင်ငံသားအများအပြားကို ကယ်ဆယ်နိုင်ခဲ့သော်လည်း လူငယ်များအနေ ဖြင့် နိုင်ငံခြားအလုပ်အကိုင်ကမ်းလှမ်းမှုများကို ကုမ္ပဏီနောက်ခံသမိုင်း မစိစစ်ဘဲ ယုံကြည်နေကြခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။
ဇနီးဖြစ်သူ၏ တိုင်ကြားချက်အရ ဖမ်းဆီးခံထားရသူသည် ဇွန်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ Data Entry နှင့် Graphic Designer အလုပ်ခေါ်စာတစ်ခုကို တွေ့ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် ပူနေမြို့မှ ဘန်ကောက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းအား မြန်မာ-ထိုင်းနယ်စပ်ရှိ သီးခြားနေရာတစ်ခုသို့ ခေါ်ဆောင်သွားကာ နိုင်ငံကူးလက် မှတ်ကို သိမ်းယူခဲ့ပြီး နေ့စဉ် ၁၆ နာရီမှ ၁၈ နာရီအထိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ် လုပ်ကိုင်စေခဲ့ကြောင်း၊ သတ်မှတ်ထားသည့် ပစ်မှတ်မပြည့်မီပါက ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရကြောင်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဖမ်းဆီးခံထားရသူက ပြန်လည်တော်လှန်ရန် ကြိုးပမ်းခဲ့သည့် ဖမ်းဆီးခံထားရသူ ၂ ဦးမှ ၃ ဦးကို စခန်းတာဝန်ခံများက သတ်ဖြတ်ခဲ့ကြောင်းလည်း မိသားစုထံ ပြောကြားထားသည်ဟု သိရသည်။
ဇွန်လ ၂၆ ရက်နေ့တွင် ဘိဒ်ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့က ဇနီးဖြစ်သူ၏ တိုင်ကြားချက်အပေါ် အခြေခံ၍ အမည်မသိ ပွဲစားများနှင့် ဆက်စပ်ပတ်သက်သူများကို အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ထို့အပြင် မဟာရပ်ရှ်ထရာပြည်နယ် ဝန်ကြီးဟောင်း Dhananjay Munde ကလည်း ဘိဒ်ခရိုင်အပါအဝင် ပြည်နယ်အတွင်းမှ လူငယ်များကို လစာမြင့်အလုပ်ဟု လိမ်လည်ခေါ်ဆောင်ကာ မြန်မာ-ထိုင်းနယ်စပ်တွင် ဖမ်းဆီးထားသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် Devendra Fadnavis ထံ စာပေးပို့ကာ ဗဟိုအစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမြန်ဆုံး ကယ်ဆယ်ပေးနိုင်ရေး ဆောင် ရွက်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
(Police write to MEA, NIA after Beed resident held captive in Myanmar ကို ဘာသာပြန်ဆိုထားပါသည်။)




