26.1 C
Yangon

စစ်ကောင်စီ၏ လက်နက်ပွဲစား ကျော်မင်းဦးက စင်ကာပူနိုင်ငံသူ Wee Lee Lian ကို အမည်ခံစေ၍ ထိုင်းစတော့အိတ်ချိန်းဝင် ACC ကုမ္ပဏီရှယ်ယာများ ဝယ်ယူရန် ကြိုးပမ်းနေ

Must read

ရန်ကုန်၊ မေ ၁၆

မြန်မာစစ်တပ်၏ အဓိက စစ်လက်နက်ပွဲစားတစ်ဦးဖြစ်ပြီး နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ခံထားရသူ ကျော်မင်းဦးက ၎င်း၏ လက်နက်ပွဲစားကွန်ရက် (Sky Aviator) ကို ဖုံးကွယ်ရန် စင်ကာပူနိုင်ငံသူ Wee Lee Lian အား စာရွက်စာတမ်းပေါ်တွင် အမည်ခံပိုင်ရှင်အဖြစ် အသုံးပြုကာ ထိုင်းစတော့အိတ်ချိန်း (SET) စာရင်းဝင် Advanced Connection Corporation Public Company Limited (ACC) တွင် ကြီးမားသော အစုရှယ်ယာပမာဏကို ဝယ်ယူရန် ကြိုးပမ်းနေကြောင်း Justice For Myanmar (JFM) ၏ စုံစမ်းဖော်ထုတ်ချက်အရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို မကြာသေးမီကမှ တည်ထောင်ထားသည့် ဟန်ပြထိုင်းကုမ္ပဏီနှစ်ခုဖြစ်သော Sky Avia Trading Company Limited နှင့် Heli Asia Trading Company Limited တို့မှတစ်ဆင့် သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုပုံစံဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီနှစ်ခု၏ စင်ကာပူမိခင်ကုမ္ပဏီများကို ကျော်မင်းဦးက ၂၀၂၂ ခုနှစ်တွင် ၎င်း၏ ကာလရှည်အမည်ခံဒါရိုက်တာ ဖြစ်သူ Wee Lee Lian ထံသို့ ရှယ်ယာများ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုတွင် Sky Aviator ကွန်ရက်နှင့် ဆက်စပ်သော အဆိုပါကုမ္ပဏီများထံသို့ ACC ၏ စုစုပေါင်းရှယ်ယာ ၂၃ ဒသမ ၂၅ ရာခိုင်နှုန်းကို ထိုင်းဘတ် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်း) ဖြင့် ရောင်းချရန် ပါဝင်နေသည်။ ၎င်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော ACC ရှယ်ယာရှင်များအစည်းအဝေးတွင် ကုမ္ပဏီဘဏ္ဍာရေးအကြံပေး၏ သတိပေးချက်များကို လျစ်လျူရှုကာ ထောက်ခံမဲ ၈၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ကြသည်။

သို့သော် အစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) က အဆိုပါဝယ်ယူမှု၏ အစစ်အမှန်အကျိုးခံစားခွင့်ရှိသူ (Beneficial Owner) ကို ထုတ်ဖော်ရန် ညွှန်ကြားခဲ့သော်လည်း ACC ဘက်က တိကျစွာ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

ထို့ပြင် ACC ၏ စာရင်းစစ်ကော်မတီဥက္ကဋ္ဌ Weerachai Amornrat သည်လည်း အဆိုပါ အမှန်တကယ် အကျိုး ခံစားခွင့်ရှိသူများနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာများ ရှိသည့်အတွက် ဘုတ်အဖွဲ့အစည်းအဝေးတွင် ပါဝင်မဲပေးခြင်းမရှိဘဲ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အလှပြင်ဆိုင်ပိုင်ရှင် စင်ကာပူအမျိုးသမီးက ဒေါ်လာသန်းချီတန် လေယာဉ်အင်ဂျင်များ ဝယ်ယူနေဟု ပြသထား

စုံစမ်းစစ်ဆေးမှုများအရ အမည်ခံပိုင်ရှင်အဖြစ် ပြသထားသူ စင်ကာပူနိုင်ငံသူ Wee Lee Lian သည် လေကြောင်းပစ္စည်းဝယ်ယူခြင်း သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှု နောက်ခံသမိုင်းကြောင်း လုံးဝမရှိဘဲ၊ အလှအပရေးရာ၊ အနှိပ်ခန်းနှင့် ကဖေးလုပ်ငန်းများကိုသာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် စာရွက်စာတမ်းပေါ်တွင် စင်ကာပူကုမ္ပဏီနှစ်ခု၏ ၁၀၀ ရာခိုင်နှုန်းနှင့် ထိုင်းကုမ္ပဏီနှစ်ခု၏ ၉၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ကျော်မင်းဦးသည် နိုင်ငံတကာပိတ်ဆို့မှုများကို ရှောင်လွှဲရန် ရှယ်ယာများကို Wee Lee Lian ထံ လွှဲပြောင်းပေးခဲ့သော်လည်း၊ လက်တွေ့တွင် ကုမ္ပဏီကို ၎င်းကသာ ဆက်လက်ထိန်းချုပ်ထားကြောင်း သိသာထင်ရှားသည့် အထောက်အထားများ တွေ့ရှိရသည်။

ဥပမာအားဖြင့် ရှယ်ယာများလွှဲပြောင်းပြီး ၁၄ လအကြာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ယူကရိန်းနိုင်ငံပိုင် Motor Sich ကုမ္ပဏီသည် ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်တန်ဖိုးရှိ ရဟတ်ယာဉ်သုံး အင်ဂျင် (Turboprop Engine) တစ်လုံးကို Wee Lee Lian ပိုင်ဆိုင်သည်ဆိုသော စင်ကာပူရှိ Sky Avia Trading ကုမ္ပဏီထံသို့ ပေးပို့ခဲ့သည်။ ယင်းတင်ပို့မှုသည် ကျော်မင်းဦး ကိုယ်တိုင်ပိုင်ဆိုင်စဉ်က မြန်မာနိုင်ငံရှိ Sky Aviator ကုမ္ပဏီထံ တင်သွင်းခဲ့သည့် ကုန်စည်ခွဲခြားမှုကုဒ် (HS Code) အတူတူပင်ဖြစ်ရာ၊ ယင်းအင်ဂျင်များကို မြန်မာစစ်တပ် လေတပ်ထံသို့ ဆက်လက်ပေးပို့ရန် ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းလွှဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ကျော်မင်းဦးနှင့် Sky Aviator ကွန်ရက်သည် မြန်မာစစ်တပ်က အသုံးပြုနေသည့် ရုရှားထုတ် Yak-130, Mi-24, Mi-35 နှင့် Su-30 လေယာဉ်များကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော စက်ပစ္စည်းအစိတ်အပိုင်းများကို အဓိက ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

အဆိုပါ လေယာဉ်များနှင့် ရဟတ်ယာဉ်များသည် ၂၀၂၃ ခုနှစ်က လူပေါင်း ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု၊ ဖားကန့် ဂီတဖျော်ဖြေပွဲ တိုက်ခိုက်မှု အစရှိသည့် အရပ်သားများကို ပစ်မှတ်ထားသော စစ်ရာဇဝတ်မှုမြောက်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် လေယာဉ်များ ဖြစ်ကြသည်။ မြန်မာစစ်တပ်အတွက် အရေးပါသည့် လက်နက်ပွဲစားဖြစ်သောကြောင့် စစ်ကောင်စီက ၎င်းအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် “လူမှုထူးချွန်ဆု (တတိယအဆင့်)” ကိုပင် ချီးမြှင့်ခဲ့သည်။

ယခုအခါ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသည့် စစ်ကောင်စီ၏ လက်နက်ပွဲစား ကျော်မင်းဦးသည် ထိုင်းစတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုကို အမည်ခံများဖြင့် လွှမ်းမိုးချုပ်ကိုင်ကာ ကြီးလေးသော ငွေကြေးခဝါချမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ ဘဏ္ဍာရေးစနစ် ဂုဏ်သိက္ခာကို ကာကွယ်ရန် ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းဝယ်ယူမှုကို အရေးယူတားဆီးရန် တာဝန်ရှိလာပြီဖြစ်ကြောင်း Justice For Myanmar က တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article