28.1 C
Yangon

မိုးဗြဲမြို့ပြင်သို့ ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးဝန်းကျင် သေဆုံး

Must read

ရန်ကုန်၊ မေ ၁၇

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းမှ မြို့ပြင်သို့ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

မေလ ၁၃ ရက်နေ့မှစတင်ကာ မိုးဗြဲမြို့အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီစစ်သားများသည် မြို့ပြင်သို့ တပ်ဖြန့်လျက် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲများသည် ယနေ့တိုင် ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှမူ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာဖြစ်တာပေါ့၊ ဒီနေ့အထိ ထိတွေ့မှုတွေက ရှိတုန်းပဲ၊ စစ်ကောင်စီဘက် က မြို့ပေါ်ရပ်ကွက်ထဲကနေ မြို့ပြင်အထိ စစ်ကြောင်းတွေ ဖြန့်လာတာဖြစ်တဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ရခြင်းဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ဘက်ကတော့ ကျဆုံးမှုက ၁၀ ဂဏန်းလောက်ရှိနိုင်တယ်။ အရေအတွက်အတိအကျအတည်ပြုဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့် ၁၀ ဂဏန်းလောက်ရှိတယ်လို့ ရှေ့တန်းမြေပြင် ရဲဘော်တွေက ပြောပါတယ်။”ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့များကို အသုံးချကာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းခန့်က မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်အထိ အုပ်ချုပ်ရေးယန္တရားကို ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း မိုးဗြဲမြို့ပြင်ဘက်မှနေ၍ ဝိုင်းပတ်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုးဗြဲဒေသကိုအခြေခံကာ KNDF ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်သည့် “အမှတ် ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” ကို ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး၊ လက်တွဲညီညီဖြင့် စစ်ကောင်စီတပ်ဖွဲ့များကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၎င်းတို့ထိန်းချုပ်ထားသည့် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် မိုးဗြဲမြို့အနီးအနားကျေးရွာများမှ ပြည်သူများသည် စစ်ဘေးလွတ်ရာနေရာများသို့ အသက်လုတိမ်းရှောင်နေကြရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article