28.1 C
Yangon

ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ သီရိလင်္ကာနိုင်ငံကို အခြေစိုက်စခန်းအသစ်အဖြစ် အသုံးပြုလာ

Must read

ရန်ကုန်၊ မေ ၁၇

ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ကဲ့သို့ အွန်လိုင်းငွေလိမ်လည်မှု အဓိကဖြစ်ပွားရာ နေရာများတွင် အာဏာပိုင်များက အကြီးအကျယ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်၊ အဆိုပါနိုင်ငံများမှ ထွက်ပြေးရွေ့ပြောင်းလာကြသည့် နိုင်ငံခြားသား အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Networks) များသည် သီရိလင်္ကာနိုင်ငံကို ဗဟိုချက်အသစ်အဖြစ် အသုံးပြုကာ အခြေစိုက်လှုပ်ရှားလာနေကြောင်း AFP က သတင်းဖော်ပြသည်။

အရှေ့တောင်အာရှနိုင်ငံများမှ မောင်းထုတ်ခံလိုက်ရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းအချို့သည် သီရိလင်္ကာနိုင်ငံသို့ လုပ်ငန်းများ ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး၊ သီရိလင်္ကာနိုင်ငံ၏ ဖြေလျှော့ထားသော ဗီဇာမူဝါဒများနှင့် မြန်နှုန်းမြင့် အင်တာနက်စနစ် ကောင်းမွန်ခြင်းတို့ကြောင့် ရာဇဝတ်ဂိုဏ်းများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် သီရိလင်္ကာနိုင်ငံအတွင်းရှိ ဇိမ်ခံဗီလာအိမ်ကြီးများမှသည် ရုံးခန်းအဆောက် အအုံတွဲများအထိ နေရာအမျိုးမျိုးကို ငှားရမ်းကာ လုပ်ငန်းများ ဆောင်ရွက်နေကြသည်။

သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖရက်ဒရစ် ဝုတ္တလာ (Fredrick Wootler) ၏ ပြောကြားချက်အရ ယခုနှစ်ဆန်းပိုင်းကတည်းက စတင်ကာ ဆိုင်ဘာရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရသော အဓိကအားဖြင့် တရုတ်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသားများဖြစ်ကြသည့် နိုင်ငံခြားသား စုစုပေါင်း ၁,၀၀၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် ဖမ်းဆီးရမိသူ ၄၃၀ ဦးနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းကလည်း အသုံးပြုပြီးသား မိုဘိုင်းလ်ဖုန်းများနှင့် လက်ပ်တော့ပ် (Laptop) ကွန်ပျူတာ အလုံးပေါင်း ရာနှင့်ချီ၍ မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံသား ၉ ဦးကို သီရိလင်္ကာ အကောက်ခွန်အရာရှိများက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး၊ အဆိုပါပစ္စည်းများကို အကြီးစား အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။

အရှေ့တောင်အာရှတစ်လွှားတွင် အွန်လိုင်းအသုံးပြုသူများကို အွန်လိုင်းအချစ်ဇာတ်လမ်းအတုများ ဖန်တီးခြင်း (Pig-butchering)၊ ခရစ်ပတိုကရင်စီ (Cryptocurrency) ခေါ် လျှို့ဝှက်ဒစ်ဂျစ်တယ်ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံခိုင်းခြင်းနှင့် လောင်းကစားပလက်ဖောင်းများ အသုံးပြု၍ လိမ်လည်ခြင်းစသည့် လုပ်ငန်းများ ကျယ်ပြန့်စွာ ထွန်းကားခဲ့သည်။

အဆိုပါ ငွေလိမ်ဂိုဏ်းများသည် ကနဦးတွင် တရုတ်စကားပြောသူများကိုသာ ပစ်မှတ်ထားခဲ့သော်လည်း၊ လက်ရှိတွင် ဘာသာစကားမျိုးစုံအသုံးပြုကာ လုပ်ငန်းများကို ချဲ့ထွင်လာခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါ အွန်လိုင်းငွေလိမ်စခန်းများတွင် လုပ်ကိုင်နေကြသူများထဲ၌ မိမိသဘောဆန္ဒအလျောက် ပါဝင်လုပ်ကိုင်နေသည့် ရာဇဝတ်ကောင်များ ရှိသကဲ့သို့၊ လူကုန်ကူးခံရပြီး အတင်းအဓမ္မ ခိုင်းစေခံထားရသည့် နိုင်ငံခြားသားများလည်း ပါဝင်နေသည်။

လက်ရှိ သီရိလင်္ကာနိုင်ငံတွင် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အပါအဝင် အာရှတစ်လွှားက သားကောင်များကို ပစ်မှတ်ထား လိမ်လည်နေခြင်း ဖြစ်သော်လည်း၊ မကြာမီ သီရိလင်္ကာပြည်သူများပါ လိမ်လည်ခံရမည့်အရေးကို အာဏာပိုင်များက စိုးရိမ်နေကြသည်။ ထို့ပြင် မကြာသေးမီက သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုင်ဘာတိုက်ခိုက်မှု (Cyberattack) ပြုလုပ်ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် ဆုံးရှုံးစေခဲ့သည့် ဖြစ်စဉ်နောက်ကွယ်တွင် အဆိုပါ နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်မှု ရှိမရှိကိုလည်း အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ဒေသတွင်းအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေသည့် တရုတ်နိုင်ငံကလည်း ယခုကဲ့သို့ ငွေလိမ်ဂိုဏ်းများ နေရာရွှေ့ပြောင်းလာသည့်အချက်ကို အသိအမှတ်ပြုထားသည်။

ကိုလံဘိုမြို့ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယား၊ မြန်မာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့တွင် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံအတွင်း တရားမဝင် လှုပ်ရှားမှုများ မြင့်တက်လာကြောင်း ဖော်ပြထားပြီး၊ တရုတ်အစိုးရအနေဖြင့် ဤအခြေအနေကို အထူးဂရုပြု စောင့်ကြည့်နေကာ သီရိလင်္ကာ တရားဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် စီးနင်းမှုများနှင့် ပြည်နှင်ဒဏ်ပေးမှုများ ခံခဲ့ရသဖြင့် ထွက်ပြေးလာသည့် ရာဇဝတ်ဂိုဏ်းများသည် အိန္ဒိယနှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က နိုင်ငံသားများအတွက် သီရိလင်္ကာနိုင်ငံက ပေးထားသည့် ရက် ၃၀ သက်တမ်းရှိ ကမ္ဘာလှည့်ခရီးသွားဗီဇာ (Tourist Visa) စနစ် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ဗီဇာအလွယ်တကူ လျှောက်ထားနိုင်သည့် စနစ်ကို အလွဲသုံးစားပြုကာ ဝင်ရောက်လာကြခြင်းဖြစ်သည်။

လက်ရှိတွင် သီရိလင်္ကာရဲတပ်ဖွဲ့သည် သံသယရှိဖွယ် နိုင်ငံခြားသားများကို နေအိမ်နှင့် ဗီလာများ ငှားရမ်းခြင်းမပြုရန် အိမ်ပိုင်ရှင်များကို သတိပေးချက်များ စတင်ထုတ်ပြန်နေပြီး၊ အကယ်၍ ရာဇဝတ်မှုများတွင် ကူညီပေးခဲ့ကြောင်း တွေ့ရှိရပါက တရားစွဲဆို အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဝုတ္တလာ၏ အဆိုအရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ်းရိုးတန်းဒေသများဖြစ်သည့် ဂါလူး (Galle) နှင့် မာတာရာ (Matara) ခရိုင်များ၌ တစ်ညတည်းတွင် စီးနင်းမှု ၅ ကြိမ် ပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံသား သံသယရှိသူ ၁၉၂ ဦးနှင့် နီပေါနိုင်ငံသား ၂၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်အပတ်ကလည်း မြို့တော်ကိုလံဘိုအနီးတွင် နိုင်ငံခြားသား သံသယရှိသူ ၂၈၀ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ပြီးခဲ့သည့် မတ်လအတွင်းကမူ အွန်လိုင်းငွေလိမ်စခန်းတစ်ခုတည်းကနေတင် တရုတ်နိုင်ငံသား ၁၃၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အွန်လိုင်းငွေလိမ်မှု ဖြစ်စဉ်များ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် လောလောဆယ်တွင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များပါ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများကို ကွင်းဆင်းလုပ်ဆောင်နေကြပြီ ဖြစ်သည်။

ကုလသမဂ္ဂ (UN) ၏ ယခုနှစ် ထုတ်ပြန်ချက်မှတ်တမ်းများအရ အရှေ့တောင်အာရှတစ်လွှားရှိ အွန်လိုင်းငွေလိမ်စခန်းများအတွင်းသို့ အနည်းဆုံး လူပေါင်း ၃၀၀,၀၀၀ ခန့် လူကုန်ကူးခံခဲ့ရကြောင်း ခန့်မှန်းထားသည်။ သီရိလင်္ကာအာဏာပိုင်များက ၎င်းတို့နိုင်ငံအတွင်းသို့ လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို မတွေ့ရှိရသေးကြောင်း ပြောဆိုထားသော်လည်း၊ ပြီးခဲ့သည့်နှစ်အတွင်းကမူ ပြည်ပနိုင်ငံများရှိ အွန်လိုင်းငွေလိမ်စခန်းများအတွင်း ပိတ်မိနေသည့် သီရိလင်္ကာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို ပြန်လည်ကယ်တင်နိုင်ခဲ့ဖူးသည်။

သီရိလင်္ကာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အာဏာပိုင်များအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာကို နှိမ်နင်းရန်အတွက် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နေပြီး၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်သူများကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် အွန်လိုင်းရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သူများကို သီရိလင်္ကာတရားရုံးများမှတစ်ဆင့် ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article